Travel Knowledges

Travel is education for living.

ကလောမြေမှ တမူထူးခြားသော သဲတွင်းကျောက်တောင် တဖြစ်လည်း နို့ဘီလူးဇာတ်ကားထဲမှ အဝီစိကျောက်ဆောင်

နို့ဘီလူးကားထဲမှာ အဝီစိကျောက်ဆောင် အဖြစ်ပါဝင်တဲ့ သဲတွင်းကျောက်တောင်ကြီးဆီ ချမ်းရောက်ခဲ့တာ မှတ်မှတ်ရရ ၂၀၁၇ခု လောက်ကပေါ့။ အခြားသဘာဝရှုခင်းတွေနဲ့ ကွဲထွက်ပြီး အမြင်ဆန်းလို့ အတော်လေး နှစ်ခြိုက်ခဲ့ဖူးတဲ့ နေရာဆိုလည်း ဟုတ်တယ်။ အဲ့သည့်တုန်းက သည်နေရာကို ရှိလို့ရှိမှန်းတောင် မသိခဲ့ဘူး။ ဒေသခံမိတ်ဆွေတစ်ယောက် လိုက်ပို့လို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့တာ။

အခုတော့ ကလောကို ရောက်ဖူးသူ မှန်သမျှ ဝင်လည်ဖူးကြတဲ့ နေရာတစ်ခု ဖြစ်လို့နေပါပြီ။ ပဲပန်း၊ နှမ်းပန်း ပွင့်တဲ့ရာသီရောက်ရင် တောင်ကုန်းပေါ်မှ မြင်ရတဲ့ ပဲနှမ်းခင်းရှုခင်းက အတော်လေး လှပလို့ပါ။ ဒါပေမယ့် အခုချိန်ထိ သဲကျောက်တွင်းတွေထဲ ဝင်လေ့လာသူတော့ ရှားပါးနေပါသေးတယ်။ လုပ်ငန်းခွင်ဖြစ်တာရယ်၊ သဲတွင်းတွေထဲမှာ မြွအောင်းနိုင်တာရယ်ကြောင့် မသွားကြတာလည်း ကောင်းပါတယ်လေ။

သဲတွင်းကျောက်တောင်၊ ဗျိုက်တောင်၊ အဝီစိကျောက်ဆောင်၊ မုံးဝန်တောင် ဟု လေးမည်ရတဲ့ သဲကျောက်တောင်
သဲကျောက်တိုင် ကြားကနေ လှမ်းမြင်နေရတဲ့ စိုက်ခင်းတွေ
မြွေအောင်းနေမှာ ကြောက်လို့ လိုဏ်ဂူထဲတော့ ဝင်မကြည့်ဖြစ်ခဲ့လိုက်ဘူး။

သဲတွင်းကျောက်တောင်ဟာ ကလောကနေ မြင်းမထိဂူသို့ သွားရာလမ်းမှာ ရှိပါတယ်။ ကျောက်တောင်ရဲ့ နာမည်က မုံးဝန်တောင်တဲ့။ ဒါပေမယ့် ဗျိုက်တောင်လို့ပဲ အခေါ်များကြတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်ဗျိုက် စူပါကွေကာ ကြော်ငြာလာရိုက်သွားတဲ့တောင်ပေါ့။ ချမ်းကို လိုက်ပို့ပေးတဲ့ ဒေသခံမိတ်ဆွေကတော့ သဲကျောက်တွေ ထုတ်တဲ့တောင်မို့လို့ သဲတွင်းကျောက်တောင်လို့ပဲ ခေါ်လိုက်တာပါပဲတဲ့။ ဘယ်လိုနာမည်တွေနဲ့ပဲ ရှိပါစေ … သည်နေရာလေးက အက်ရှင်ဇာတ်လမ်းတွေအတွက် ရိုက်ကွင်းကောင်းလို့ မြင်မိတယ်။ ဓာတ်ပုံချစ်သူတွေအတွက်လည်း သိပ်လှတဲ့ နေရာလေး တစ်ခုပေါ့။

ဗျိုက်တောင်ရှေ့က ပဲနှမ်းခင်းတွေထဲ တိုးဝင်ပြီး ဓာတ်ပုံဝင်ရိုက်မျိုး၊ ပန်းတွေကို ချိုးတာမျိုး၊ အမှိုက်ပစ်ချတာမျိုး လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ကိုယ်ကစပြီး အခင်းက အကျယ်ကြီး … အထဲလေး နည်းနည်းတိုးဝင်လိုက်လို့ အပင်လေး နည်းနည်းပဲ ပျက်ဆီးတာ ဘာမှကြီးကြီးမားမား ဆုံးရှုံးတာမှ မဟုတ်ဘဲလို့ လျော့တိလျော့ရဲ မတွေးလိုက်ပါနဲ့နော်။ ကိုယ်က လမ်းကြောင်းစပေးလိုက်တာနဲ့ နောက်လူက အဲ့သည့်လမ်းအတိုင်း အထဲသို့ နည်းနည်းဆီ ပိုပိုတိုးဝင်လာပါလိမ့်မယ်။ လူ့သဘောသဘာဝကိုက တစ်ယောက်က စပေးလိုက်ရင် ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် လိုက်လုပ်တတ်ကြတာက ခပ်များများပဲ မဟုတ်လား?

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံနှင့်စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2021 Traveller Chan. All Rights Reserved.