Travel Knowledges

Travel is education for living.

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်ခြင်း (၄၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အောက်မေ့ခြင်း

မြန်မာနိုင်ငံ သမိုင်းတလျှောက်မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ယုံယုံကြည်ကြည် ပေးအပ်ခြင်း ခံရတာဆိုလို့ ဦးသန့်တစ်ဦးတည်းသာ ရှိပါသေးတယ်။ သည်နေ့ဟာ ဦးသန့်ရဲ့ (၄၆)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အား အောက်မေ့သောအားဖြင့် မှတ်သားဖူးသမျှထဲမှ အကျဉ်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဦးသန့်၏ မိဘများမှာ အဖဦးဘိုးနှစ်နှင့် အမိဒေါ်နန်းသောင်းတို့ ဖြစ်ကြပြီး ၁၉၀၉ခု၊ ဇန်နဝါရီလ (၂၂)ရက်တွင် ဦးသန့်အား ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ဦးသန့်ဟာ ကလေးဘဝ ကတည်းက ဘွဲ့ရပညာတတ် မြေပိုင်ရှင် စီးပွားရေးသမားဖြစ်သည့် ဖခင်အား လေးစားအားကျခဲ့ရသူပါ။ ဖခင်ဖြစ်သူမှာ စာအုပ်စာပေကို မြတ်နိုးသူ ဖြစ်သဖြင့် စာအုပ်ကောင်းများစွာကို စုဆောင်းထားတတ်သည့်အပြင် သားများကိုလည်း ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ရအောင် သင်ပေးထားပါတယ်။

ဦးသန့် ၁၄နှစ် အရွယ်မှာ ဖခင်ဖြစ်သူ ဆုံးပါးသွားသဖြင့် (၂)နှစ် IA ဘွဲ့ကို တက်ရမည့်အစား ညီငယ်သုံးယောက်၏ ပညာသင်စားရိတ်အတွက် ကျောင်းနားပြီး အလုပ်ဝင်ခဲ့ရပါတယ်။ စာရေးတာကို ဝါသနာပါသော ဦးသန့်ဟာ သတင်းစာတိုက်များသို့ ဆောင်းပါးများ ပေးပို့လေ့ရှိတယ်။ ဦးသန့် ၁၅နှစ် အရွယ်မှာ ပေးပို့ခဲ့သော ကျောင်းတွင်းအတွေ့အကြုံ ဆောင်းပါးတစ်ပုဒ်ကို ပထမဆုံးအကြိမ် ဖော်ပြဖို့ သတင်းစာတိုက်မှ ရွေးချယ်ခဲ့ပါတယ်။

၁၉၂၆ခုတွင် ရန်ကုန်တက္ကသိုလ်မှာ ပညာဆည်းပူးရန်အတွက် ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့တယ်။ ထိုစဉ်က ဦးသန့်အဖြစ်ချင်ဆုံး ဆန္ဒမှာ နိုင်ငံရေးသတင်းစာဆရာ တစ်ယောက်ဖြစ်ဖို့ပါ။ တက္ကသိုလ် တက်နေရင်း မြန်မာစာဖြင့် ဖြန့်ချီသော သတင်းစာတိုက်များသို့ နိုင်ငံရေးနှင့် နွယ်သောဆောင်းပါးများ ရေးသားပေးပို့လေ့ ရှိခဲ့တယ်။ ပညာသင်ယူပြီးနောက်မှာ ဦးသန့်ဟာ ပန်းတနော်မြို့သို့ ပြန်လာပြီး သူတက်ခဲ့သော ကျောင်းမှာပင် အထက်တန်းပြဆရာအဖြစ် အလုပ်ဝင်လုပ်ပါတယ်။ ၁၉၃၁ခုမှာ ဗြိတိသျှအစိုးရက စစ်သည့် အထက်တန်းဆရာဖြစ် စာမေးပွဲမှာ ပထမအဆင့်ဖြင့် အောင်မြင်သဖြင့် ကျောင်းအုပ်ဆရာကြီးအဖြစ် ရာထူးတိုးလာခဲ့တယ်။ ၁၉၃၄ခုမှာ ဒေါ်သိန်းတင်နှင့် အိမ်ထောင်ကျပြီး သားသမီး သုံးဦး ထွန်းကားပါတယ်။

၁၉၄၂ - ၁၉၄၅ခု၊ ဂျပန်တွေ အုပ်စိုးစဉ်ကာလတုန်းက ဦးသန့်အား ပညာရေးဆိုင်ရာ စည်းရုံးရေးကော်မတီကို ဦးဆောင်ပေးရန် ဂျပန်အစိုးရမှ ဖိတ်ခေါ်ခဲ့သော်လည်း ငြင်းဆန်ခဲ့တယ်။ ၁၉၄၅ခုမှာ ဂျပန်တွေ စစ်ရှုံးသဖြင့် မြန်မာနိုင်ငံဟာ ဂျပန်လက်အောက်မှ ဗြိတိသျှလက်အောက်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားတယ်။ ၁၉၄၈ခု၊ ဇန်နဝါရီလ (၄)ရက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီး ဦးနု ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။ ဝန်ကြီးချုပ်ဦးနုနှင့် ဦးသန့်ဟာ အတန်းဖော် သူငယ်ချင်းများ ဖြစ်ကြတယ်။ ဝန်ကြီးချုပ်ဦးနုဟာ ဦးသန့်ရဲ့ အရည်အချင်းကို သိသဖြင့် အသံလွှင့်ဌာန၏ ညွှန်ကြားရေးမှူးအဖြစ် ၁၉၄၈ခုတွင်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ပြန်ကြားရေးဌာနတွင် အတွင်းရေးမှူးအဖြစ် ၁၉၄၉ခုတွင်လည်းကောင်း ခန့်အပ်ပါတယ်။ ထို့နောက်မှာ ဝန်ကြီးချုပ်ဦးနု၏ အတွင်းရေးမှူး ဖြစ်လာခဲ့တယ်။

၁၉၅၂ခုဟာ ဦးသန့်အတွက် ကမ္ဘာ့ကုလသမဂ္ဂသို့ ဝင်ရောက်ရန်အတွက် ပထမဆုံးခြေလှမ်း လှမ်းလိုက်သည့်နှစ်လို့ ဆိုရပါမယ်။ ထိုစဉ်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင် တစ်ယောက်အနေဖြင့် တက်ရောက်ခဲ့ပါတယ်။ ဦးသန့်ဟာ ၁၉၅၇ခု မှ ၁၉၆၁ခု အထိ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးအဆင့် တာဝန်ပေးအပ်ခြင်း ခံခဲ့ရတယ်။ ၁၉၆၁ခု၊ စက်တင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသော Dag Hammarskjold သည် Congo ခရီးစဉ်မှာ လေယာဉ်ပျက်ကျသဖြင့် ဆုံးပါးသွားတယ်။ လုံခြုံရေးကောင်စီဟာ လစ်လပ်သွားသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်အား ထမ်းဆောင်နိုင်မည့်သူကို ရွေးချယ်ရန်အတွက် နိုင်ငံပေါင်း (၁၀၃)နိုင်ငံ ပါဝင်သော အထွေထွေညီလာခံကို ကျင်းပခဲ့ပါတယ်။ ၁၉၆၁ခု၊ နိုဝင်ဘာလ (၃)ရက်မှာ အများဆန္ဒဖြင့် ဦးသန့်အား ရွေးချယ်လိုက်ကြတယ်။ တရားဝင် တာဝန်ပေးအပ်ခြင်းကို ထိုနှစ် နိုဝင်ဘာလ (၃၀)ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ပထမဆုံး ဖြေရှင်းရတဲ့ ပြဿနာမှာ ၁၉၆၀ခု ကတည်းက ဖြစ်ပေါ်နေသည့် Congo ပဋိပက္ခ ဖြစ်ပါတယ်။ ဦးသန့် ဖြေရှင်းခဲ့ရတဲ့ နောက်ထပ် ထင်ရှားတဲ့ ပြဿနာကတော့ ၁၉၆၂ခုမှာ ဖြစ်ပွားခဲ့သော အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စု အကြားမှ ကျူးဘားဒုံးကျည် အရေးအခင်းပဲ ဖြစ်တယ်။ ထိုပြဿနာကို ကြားဝင်ညှိနှိုင်းပေးနိုင်ခဲ့သဖြင့် နျူးကလီးယားစစ်ပွဲ ဖြစ်လာနိုင်မည့် ဘေးအန္တရာယ်မှ ကင်းဝေးခဲ့ရတယ်။ ဦးသန့်ဟာ ကမ္ဘာ့အရေးအခင်းများတွင် ဘက်မလိုက်ဘဲ ဖြေရှင်းပေးခဲ့သဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တာဝန် ပထမသက်တမ်း အပြီးမှာ ဒုတိယသက်တမ်းအတွက် အများဆန္ဒဖြင့် ထပ်မံတာဝန်ပေးအပ်ခြင်း ခံရတယ်။ ဒုတိယသက်တမ်းအပြီး ၁၉၇၁ခုမှာ ဦးသန့်ဟာ တာဝန်မှ အနားယူခဲ့ပါတယ်။

ဒုတိယသက်တမ်းမှာ ကတည်းက ကျန်းမာရေး ယိုယွင်းစ ပြုနေပြီဖြစ်သော ဦးသန့်ဟာ ၁၉၇၄ခု၊ နိုဝင်ဘာလ (၂၅)ရက်မှာ အဆုတ်ကင်ဆာရောဂါဖြင့် နယူးယောက်မြို့မှာ ကွယ်လွန်သွားပါတယ်။ ဦးသန့်အတွက် နိုင်ငံတကာမှ ခေါင်းဆောင်များက ဝမ်းနည်းခြင်း သဝဏ်လွှာကို ပေးပို့ခဲ့ကြပါတယ်။ ဦးသန့်၏ ရုပ်ကလပ်ဟာ နယူးယောက်မြို့မှ ရန်ကုန်လေဆိပ်သို့ ၁၉၇၄ခု၊ ဒီဇင်ဘာလ (၁)ရက်မှာ ရောက်ရှိလာပါတယ်။ ထောင်နှင့်ချီသော မြန်မာနိုင်ငံသူ/သားများက လမ်းတလျှောက်မှာ လာရောက်စောင့်ဆိုင်းပြီး လိုက်လံပို့ဆောင် ဂါဝရ ပြုခဲ့ကြပါတယ်။

ဦးသန့်၏ ရုပ်အလာင်းအား ဦးနေဝင်းအစိုးရမှ ဒီဇင်ဘာလ (၅)ရက်တွင် ကြံတောသချိုင်္င်းမှာ နိုင်ငံတော်အဆင့် မဟုတ်ဘဲ သာမန်အတိုင်း သဂြိုဟ်စေရာ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူကျောင်းသားများက မကျေနပ်သဖြင့် ရုပ်အလောင်းအား လုယူပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ နေရာဟောင်းမှာ မြှုပ်နှံသဂြိုဟ်ရန် စီစဉ်ပါတယ်။ သမိုင်းမှာ ဦးသန့်အရေးအခင်းအဖြစ် တွင်လာမည့် ပဋိပက္ခရဲ့ အစကတော့ ထိုနေ့ရက်တွေပါပဲ။ ကမ္ဘာ့ငြိမ်းချမ်းရေး ဖခင်ကြီး ဦးသန့်ရဲ့ နောက်ဆုံးဈာပနာပွဲနေ့ကတော့ မငြိမ်းချမ်းခဲ့ပါဘူး။ ဒီဇင်ဘာလ (၁၁)ရက် နံနက်ပိုင်းမှာ ဦးနေဝင်းအစိုးရမှ စစ်တပ်ဖြင့် ရန်ကုန်တက္ကသိုလ်အား စီးနင်းပြီး ဦးသန့်၏ ရုပ်အလောင်းအား တူးယူကာ ရွှေတိဂုံဘုရား တောင်ဘက်ရှိ ကန်တော်မင်ပန်းခြံနားမှာ မြှုပ်နှံလိုက်ပါတယ်။

အမေရိကန်သမ္မတ ကနေဒီကပင် “ကမ္ဘာကြီးမှာ သူ့ကျေးဇူးတွေရှိတယ်” ဟု ထုတ်ဖော်အသိအမှတ်ပြုရသည်အထိ နျူးကလီးယားစစ် မဖြစ်အောင် ညှိနှိုင်းပေးနိုင်ခဲ့သော ဦးသန့်၏ ဂူဗိမ္မာန်သို့ အနည်းဆုံး တစ်ခေါက်လောက်တော့ သွားရောက် ဂါဝရ ပြုသင့်ပါတယ်။

ဦးသန့် သက်ရှိထင်ရှား ရှိစဉ်က ရုပ်သံအင်တာဗျူးကို ကြည့်ချင်တယ်ဆိုရင် https://www.youtube.com/watch?v=jw2ENKeB1gs မှာ ကြည့်လို့ရပါတယ်။ U Thant House YouTube Channel က တင်ဆက်ထားတာဖြစ်ပြီး မြန်မာစာတန်းထိုး ပါပါတယ်။

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံနှင့်စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2021 Traveller Chan. All Rights Reserved.