Travel Knowledges

Travel is education for living.

ဘုရားဖူးရင်း ဓာတ်ပုံလှလှလေးတွေ ရနိုင်တဲ့ ဂန္ဓဗ္ဗနတ်သား (၂၀) စောင့်တဲ့ ဧရာဝတီမြစ်ကမ်းနဖူးမှ စက်တော်ရာ

မင်းကွန်းမှာလေ မြသိန်းတန်စေတီ အပြင် ဓာတ်ပုံရိုက်လို့ တအားလှတဲ့ နေရာတစ်ခု ရှိသေးတယ်။ လူသိပ်မသွားကြပေမယ့် တကယ်တော့ အဲ့သည့်နေရာက ဘိုးတော်ဘုရား တည်ခဲ့တဲ့ ကြီးလေးကြီးထဲက ခြင်္သေ့ကြီးနဲ့ ဘယ်လောက်မှ မဝေးဘူးရယ်။ လမ်းလျှောက်သွားရင် ငါးမိနစ်နဲ့ အေးအေးဆေးဆေး ရောက်တယ်။ တအားတွေ ညွှန်းနေမိတဲ့ သည်နေရာလေးရဲ့ နာမည်က ပါဒနက်သန် စက်တော်ရာစေတီ ဖြစ်ပါတယ်။

ပါဒနက်သန် စက်တော်ရာစေတီဟာ ခြင်္သေ့ကြီးရဲ့ တောင်ဘက်စူးစူး အရပ်မှာ ရှိပါတယ်။ စက်တော်ရာစေတီရဲ့ တည်ဟန်က ကားလမ်းမဘက်ကို ကျောပေးထားပြီး ဧရာဝတီမြစ်ဘက်ကို မျက်နှာချင်း ဆိုင်ထားတယ်။ ဒါ့ကြောင့် ကားလမ်းဘက်ကနေ သွားတဲ့အခါ ပါဒနက်သန် စက်တော်ရာစေတီရဲ့ ပုန်းကွယ်နေသော အလှကို မမြင်ရနိုင်ဘူး။ စေတီရဲ့ ကျောဘက်ကိုသာ မြင်ရတာမို့ ထူးမခြားနား ထုံးစေတီတစ်ဆူပါပဲလေ ဆိုပြီး လမ်းကြုံလျက်သားနဲ့ မဝင်ဖြစ်ကြဘူးပေါ့နော်။

အကယ်၍ ဝင်ဖြစ်ခဲ့မယ်ဆိုလျင် ဧရာဝတီမြစ်ကနေ စက်တော်ရာစေတီဆီ တက်လှမ်းဖို့ တည်ဆောက်ထားတဲ့ ထူးခြားတဲ့ လှေကားကြီးကို တွေ့ရပါလိမ့်မယ်။ ရှေးဟောင်းအုတ်လှေကား အစမှာ ခြင်္သေ့ကြီး နှစ်စီးက ဧရာဝတီမြစ်ဘက်သို့ မျက်နှာမူထားတယ်။ ခြင်္သေ့အနောက်က အုတ်လှေကားပေါ်မှာ ဂန္ဓဗ္ဗနတ်သားရုပ် (၂၀)ကို တစ်တန်းမှာ ငါးရုပ်စီနဲ့ အတန်းလေးတန်းကို ညီညီညာညာ စီပြီး ထုလုပ်ထားတာကို တွေ့ရပါလိမ့်မယ်။ ခြင်္သေ့နှစ်စီး၊ နတ်ရုပ်နှစ်ဆယ်နှင့် တံတိုင်းပတ်လည်ကို ဖြူဖြူဖွေးဖွေး ထုံးဆေးခြယ်ထားပါတယ်။ ဓာတ်ပုံထဲမှာလည်း ကြည့်ကြည့်ပါ။ ကိုယ်တိုင်လည်း သွားကြည့်ကြပါ။ ရေတက်ချိန်ဆို မြစ်ရေက လှေကားအစပ်နားလောက်ထိ တက်လာတော့ တစ်မျိုးကြည့်ကောင်းတယ်။ ရေကျချိန်ဆိုရင် မြစ်နဲ့ လှေကားကြားမှာ သဲသောင်ပြင်ထွန်းပြီး နောက်တစ်မျိုး ကြည့်ကောင်းနေပြန်ရော။ ခြုံပြောရရင် ဘယ်အချိန်သွားသွား ဓာတ်ပုံရိုက်လို့ တအားလှပါတယ်။

ပါဒနက်သန် စက်တော်ရာစေတီ
ဂန္ဓာကုဋီတိုက် အတွင်းရှိ စကျင်ကျောက်သား စက်တော်ရာ

ပါဒနက်သန် စက်တော်ရာစေတီဟာ အုတ်တိုက်ပုံ စေတီအမျိုးအစား ဖြစ်ပါတယ်။ အလှူရှင်ကတော့ ဘိုးတော်ဘုရား ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၁၇၃ခု၊ နယုန်လပြည့်ကျော် (၇)ရက်မှာ တည်ဆောက်ပြီးစီးခဲ့တယ်။ စေတီရဲ့ ဂန္ဓာကုဋီတိုက် အတွင်းမှာ ရှိတဲ့ စက်တော်ရာတစ်ဆူကို အကြောင်းပြုပြီး ပါဒနက်သန် စက်တော်ရာစေတီလို့ ခေါ်ကြတယ်။ စက်တော်ရာကို အမရပူရမြို့မှာ ထုဆစ်ခဲ့တာဖြစ်ပြီး သုံးထားတဲ့ ကျောက်အမျိုးအစားက စကျင်ကျောက်ပါ။ မြန်မာသက္ကရာဇ် ၁၁၅၈ခု၊ တန်ဆောင်မုန်းလဆန်း (၂)ရက်မှာ စက်တော်ရာကို ပြည်ကြီးမွန် ရတနာရွှေဖောင်ဖြင့် ဧရာဝတီမြစ်ကြောင်းကနေ မင်းကွန်းသို့ ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုးတော်ဘုရား စက်တော်ရာစေတီ တည်စဉ်က အစောင့်နတ်ရုပ်တွေ မရှိသေးပါဘူး။ သာယာဝတီမင်း လက်ထက်ရောက်မှ စေတီကို ပြုပြင်မွမ်းမံပြီး အစောင့်နတ်ရုပ်တွေ ထည့်သွင်းတည်ဆောက်ထားတာပါ။ ဒါ့ကြောင့် စက်တော်ရာစေတီက ဘိုးတော်ဘုရား ကုသိုလ်တော်ဖြစ်ပြီး နတ်ရုပ်နှစ်ဆယ်က သာယာဝတီမင်း ကုသိုလ်တော်လို့ မှတ်သားရပါမယ်။

ပါဒနက်သန် စက်တော်ရာစေတီ ရင်ပြင်မှာ ရှေးဟောင်းနန်းသုံးလှေတော် တစ်စီး ရှိပါသေးတယ်။ လှေရဲ့ အတိုင်းအထွှာက အလျား (၇၈)ပေ၊ အနံ (၈)ပေ (၄)လက်မ ရှိတယ်။ စောက်အနက်ကတော့ (၃)ပေပါ။ သစ်အမျိုးအစားက ရေမနေသစ်လို့ သိရတယ်။ ရှေးဟောင်းသုတေသန ပညာရှင်တွေက မင်းတုန်းမင်းလက်ထက်မှာ အသုံးပြုခဲ့တဲ့ လှေလို့ မှတ်ချက်ပေးထားတယ်။ တကယ်တော့ လှေကြီးက မြေကြီးအောက်ထဲမှာ နစ်မြှုပ်နေတာ။ ခရစ်နှစ် ၂၀၁၅ခု၊ ဇန်နဝါရီလ (၄)ရက်မှာ ဖောင်တော်သီ ဆိပ်ကမ်းမှ မြစ်ကမ်းပါး ပြိုကျရာကနေ ပြန်ပေါ်လာတာပါ။ နောက်တော့ ပါဒနက်သန် စက်တော်ရာစေတီရင်ပြင်မှာ မင်းတုန်းမင်းလက်ထက်တော်က အသုံးပြုခဲ့တဲ့ နန်းသုံးယာဉ်လှေတော်ကို အမိုးအကာဖြင့် ထားရှိကာ အများသူငါ လေ့လာနိုင်ရန် ပြသပေးထားပါတယ်။

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.