ချမ်း သည်နေ့ အိမ်နဲ့နီးနီးနားနား ကန်တော်ကြီးက ပန်းကန်လုံးကျွန်းဘက်ကို သွားခဲ့တယ်။ ပန်းကန်လုံးကျွန်းဘက်က တံတားတွေ ပြုပြင်တာ ပြီးစီးသလောက် ဖြစ်နေပြီး ဓာတ်ပုံရိုက်ကြည့်တော့ အတော်လေး လှနေတယ်။ စနေနေ့မို့လို့ လာရောက်လည်ပတ်သူတွေနဲ့ အသင့်အတင့် စည်ကားတယ်။ ပန်းကန်လုံးကျွန်းဘက် ဝင်ပေါက်ကနေ ဝင်မှ တံတားမှာ လမ်းလျှောက်လို့ ရမှာဖြစ်ပြီး ဝင်ကြေး ကောက်ခံခြင်း မရှိသေးပါဘူး။ ဖွင့်ချိန်ကတော့ နံနက် (၅)နာရီ ကနေ ညနေ (၆)နာရီ အထိပါ။
ရန်ကုန်မြို့မှာ အင်းလျားကန်ပြီးရင် ဒုတိယ အကြီးဆုံးကန်ကတော့ ကန်တော်ကြီး ဖြစ်ပါတယ်။ ကန်တော်ကြီး တဝိုက်မှာ ပန်းကန်လုံးကျွန်း၊ မြေပဒေသာကျွန်း၊ ချစ်သူများကျွန်း စတာတွေ ရှိတယ်။ ဥယျာဉ်တွေ အနေနဲ့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်နဲ့ ဗိုလ်ချုပ်ပန်းခြံ ရှိတယ်။ ကန်တော်ကြီးရဲ့ အရှေ့စူးစူးမှာတော့ ရွှေတိဂုံဘုရားကို ဖူးမျှော်နိုင်တယ်။ အနီးအပါးမှာ ကန်ရိပ်သာအိမ်ယာ ရှိတဲ့အတွက် တံတားပေါ်ကနေ ဓာတ်ပုံရိုက်ရင် အတော်လေး လှတယ်။
ကန်တော်ကြီးကို အလောင်းစည်သူမင်းလက်ထက် သက္ကရာဇ် ၁၁၁၇ခု မှာ တူးဖော်ခဲ့တာလို့ မှတ်သားရတယ်။ ဒဂုံမှ ရန်ကုန်ဆိုပြီး တည်ထောင်ကာစ ဖြစ်တဲ့အတွက် ကန်တော်ကြီးတဝိုက်ဟာ လူနေထိုင်ခြင်း မရှိသေးဘဲ သစ်ပင်ခြုံနွယ်တွေနဲ့ တောအတိ ဖြစ်နေတယ်။ အလောင်းစည်သူမင်းဟာ ရန်ကုန်မှာ နေထိုင်တဲ့သူတွေ အသုံးပြုဖို့အတွက် ကန်ကြီးတစ်ကန် တူးဖော်ဖို့ သေနတ်ဝန် မင်းလှမင်းကျော်ခေါင်ဘွဲ့ခံ ဦးကောင်းကို တာဝန်ပေးအပ်ခဲ့တယ်။ ဦးကောင်းဟာ လူသူအဝေးမှာရှိတဲ့ သစ်ပင်ခြုံနွယ်တွေကို ရှင်းလင်းပြီး အနက် (၁၄)တောင် ရှိတဲ့ ကန်ကြီးကို တူးဖော်စေခဲ့ပါတယ်။
ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၄၇ခု ရောက်တော့ ကန်တော်ကြီးကို သောက်သုံးရေကန်ကြီးအဖြစ် ထပ်မံချဲ့ထွင်ခဲ့တယ်။ ကန်တော်ပြုပြင်တဲ့ တာဝန်ကို ရန်ကုန်မြို့ဝန် ဦးကျော်ရွေးက တာဝန်ယူရတယ်။ အချို့ကတော့ ရန်ကုန်မြို့ဝန် ဦးရွှေရေးလို့ ဆိုကြတယ်။ ကန်တော်ကြီးထဲ ရေဝင်ပေါက်များ အနေနဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ရွှေဂုံတိုင်၊ နတ်မောက်၊ စတဲ့နေရာတွေကနေ စီးဝင်လာတဲ့ ရေကို သိုလှောင်ထားတာလို့ မှတ်သားရတယ်။
ရန်ကုန်မြို့တော်ဝန် က လူသုံးသောက်ရေကန်အဖြစ် ကန်တော်ကြီးသာ မကဘဲ ကျွဲ၊ နွား၊ ဆင်၊ မြင်းများအတွက်ပါ ကန်တော်ကလေး ဆိုတဲ့ ကန်ကိုပါ တူးဖော်ပေးခဲ့တယ်။ ကန်တော်ကလေး နေရာမှာ အောင်ဆန်းအားကစားကွင်းကို ဆောက်ခဲ့တာလို့ အပြောရှိကြတယ်။
ကိုလိုနီခေတ်ရောက်တော့ ကန်တော်ကြီးဟာ ရန်ကုန်မြို့ရဲ့ အဓိက သုံးရေကန်ကြီး ဖြစ်လာတယ်။ လက်ရှိမှာတော့ ကန်တော်ကြီးဟာ ရန်ကုန်မြို့သူ မြို့သားတွေရဲ့ အပန်းဖြေရာ အိုအေစစ်နေရာလေး တစ်ခုအဖြစ် ကျန်ရှိနေပါသေးတယ်။



မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံနှင့်စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။
ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan