Travel Knowledges

Travel is education for living.

ရန်ကုန်မြို့မှ ရှားရှားပါးပါး ပန်းတစ်ပွင့်တောင်

ရန်ကုန်မှာ တက်စရာ ဘာတောင်မှလည်း မရှိဘူးလို့ အခြားမြို့က သူငယ်ချင်းတွေကပြောတော့ ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ မှတ်မှတ်ရရ မနေ့ညက ဓာတ်ပုံအဟောင်းတွေ ပြန်ကြည့်ရင်း ပန်းတစ်ပွင့်တောင် သွားတုန်းကဓာတ်ပုံတွေ ထွက်လာတယ်။ အဲ့သည့်တော့မှာ… ငါတို့ရန်ကုန်မှာလည်း ပန်းတစ်ပွင့်တောင် ရှိသားပဲ။ ဘာလို့မေ့နေပါလိမ့်ဆိုပြီး အမှတ်ရတော့တယ်။

ချမ်းတို့ ရန်ကုန်မှ ပန်းတစ်ပွင့်တောင်က အခြားမြို့က တောင်ကြီးတွေနဲ့ ယှဉ်လိုက်ရင်တော့ ခပ်ပုပုလေး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် တောင်ပေါ်ကနေကြည့်ရင် ရန်ကုန်မြို့ကို ရေပေးဝေနေတဲ့ ဖူးကြီးကန်၊ ပတ်ပတ်လည်မှာ ရာဘာစိုက်ခင်း၊ တောင်ရဲ့ အရှေ့ဘက်တစ်ခြမ်းလုံးမှာ ၁၈၀ဒီဂရီ အပြည့်ရှိနေတဲ့ စိမ်းညိုမှိုင်းနေတဲ့ တောအုပ်၊ သစ်ပင်နဲ့ကန်ရေကို ဖြတ်သန်းလာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေ … ဒါတွေ ရှိနေမှတော့ တောင်တစ်တောင်ရဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံနေပြီပဲ။ ညွှန်းလို့ရနေပြီပေါ့…

ဘယ်လိုသွားမလဲ?

ပန်းတစ်ပွင့်တောင်ဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ထဲမှာ ရှိပါတယ်။ လှော်ကားအမျိုးသားဥယျာဉ်ရဲ့ မြောက်ဘက်ယွန်းယွန်းလောက်မှာပါ။ ကိုယ်ပိုင်ကားနဲ့ လာမယ်ဆိုရင် ရန်ကုန် - ပြည်လမ်းအတိုင်း မောင်းလာပါ။ လေထီး ၁၆ ကားမှတ်တိုင်ရောက်ရင် အရှေ့တစ်လမ်းဖြစ်တဲ့ မှော်ဘီ - ဝါးနက်ချောင်း လမ်းသွယ်လေးထဲ ချိုးဝင်ရပါမယ်။ ချိုးဝင်ရမယ့် လမ်းထိပ်နဲ့ အတွင်းဘက်တစ်လျှောက်မှာ ပန်းတစ်ပွင့်တောင်သို့ ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ တွေ့ရမှာပါ။ လမ်းရဲ့ သုံးချိုးတစ်ချိုးလောက်မှာ ရှင်ဆေကိန္ဒရာမကျောင်းတိုက် ရှိပါတယ်။ ပန်းတစ်ပွင့်တောင်ကို သွားတဲ့လမ်းက ဟိုးတုန်းက ကြမ်းပေမယ့် အခုတော့ အတော်လေးချောသွားပါပြီ။

ပန်းတစ်ပွင့်တောင်သမိုင်း

သက္ကရာဇ် ၁၃၅၉ခုမှာ အရှင်ဘဒ္ဒန္တပညာသာရဆိုတဲ့ ရဟန်းတော်တစ်ပါး ပန်းတစ်ပွင့်တော်သို့ ကြွလာပြီး ဝါးကျောင်းလေးမှာ စတင်သီတင်းသုံးခဲ့ပါတယ်။ ဆရာတော်ဟာ ပဲခူးတိုင်းမှာရှိတဲ့ အင်းတကော်တောင်သုံးလုံး သာသနာ့နယ်မြေမှ သီတင်းသုံးနေစဉ် ဆရာတော်ကြီးတစ်ပါးမှ အိမ်မက်ပေးတဲ့အတွက် ပန်းတစ်ပွင့်တောင်သို့ သာသနာပြုရန် ကြွလာခြင်း ဖြစ်တယ်။ ပန်းတစ်ပွင့်တောင်ထိပ်မှာ ရှေးကတည်းက စေတီဟောင်းတစ်ဆူ ရှိပေမယ့် လူသွားလူလာ မရှိသလောက်ပါပဲ။ ပန်းတစ်ပွင့်တောင် ဆရာတော် ဒေါက်တာဘဒ္ဒန္တ သာသနာပြုပြီးနောက်ပိုင်းမှ စည်ကားသိုက်မြိုက်လာခြင်း ဖြစ်ပါတယ်။

ပန်းတစ်ပွင့်တောင်လို့ ခေါ်ရတာကတော့ တောင်ပေါ်မှာ အဓိဌာန်ဖြင့် စိုက်ပျိုးထားတဲ့ သစ်ပင်တစ်ပင်မှ ပန်းတစ်ပွင့်တည်း ပွင့်လာတဲ့အတွက်လို့ မှတ်သားရပါတယ်။ ပန်းတစ်ပွင့်တောင်ဟာ တောင်စဉ်သုံးလုံးတန်းနေတာဖြစ်ပြီး ရန်ကုန်မြို့ပြရဲ့ သဘာဝအိုအေစစ်နေရာလေး ဆိုလည်း မမှားပါဘူး။

ပန်းတစ်ပွင့်တောင်မှာ ဘာတွေရှိသလဲ?

တောင်ထိပ်မှာ လိုဏ်တစ်ဆင့်ခံ စေတီတစ်ဆူရှိပြီး လိုဏ်ပေါ်မှာ စေတီငယ်များဖြင့် ရံထားပါတယ်။ လိုဏ်အပြင်ပတ်လည်ရှိ ရင်ပြင်မှာလည်း စေတီရံများ တည်ထားပါသေးတယ်။ လိုဏ်အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော်များ စံပယ်ပါတယ်။ စေတီရဲ့ ရင်ပြင်မှာတော့ နဂါးရုံဘုရား၊ ရွှေစေတီ၊ ငွေစေတီ၊ ဘီလူးရုပ် စသည်ဖြင့် အမျိုးမျိုး ရှိပါသေးတယ်။

တောင်ခြေမှာတော့ ပန်းတစ်ပွင့်တောင်ဆရာတော် သီတင်းသုံးရာ ကျောင်းတိုက်ရှိတယ်။ အနီးအပါးရှိ ကျေးရွာတွေမှာ နေထိုင်သူတွေ အဆင်ပြေစေဖို့ အခမဲ့ကုသိုလ်ဖြစ်ဆေးရုံ၊ ဘုန်းတော်ကြီးပညာအထက်တန်းကျောင်းနဲ့ တရားစခန်းတို့ကိုလည်း ဖွင့်လှစ်ထားသေးတယ်။ ထို့အပြင် ဗုဒ္ဓတက္ကသိုလ်တောင် တည်ထောင်းထားသေးတယ်။ ပန်းတစ်ပွင့်တောင်ဆရာတော်ဟာ အိန္ဒိယနိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတွေမှာ Ph.D ဘွဲ့ ယူခဲ့တဲ့ ဒေါက်တာဘွဲ့ရ ဆရာတော်တစ်ပါးလည်း ဖြစ်တယ်။ ဆရာတော်ကို ချမ်းတစ်ကြိမ်တစ်ခါသာ ဖူး,ဖူးပေမယ့် အသက်အရွယ်နှင့် ယှဉ်လိုက်ရင် အင်မတန် နုပျိုတာကို သတိထားမိတယ်။ ကောင်းသတင်းလည်း မွှေးပျံ့တဲ့အတွက် တပည့်ဒါယိကာလည်း ပေါများလှပါတယ်။

ပန်းတစ်ပွင့်တောင်ရဲ့ ထူးခြားချက်က သားငါးသယ်ဆောင်ခွင့်နဲ့ စားသုံးခွင့် ပိတ်ထားပါတယ်။ ပန်းတစ်ပွင့်တောင်ဝန်းကျင်မှာ ရှိတဲ့ စားသောက်ဆိုင်တွေမှာလည်း သား၊ ငါး မရောင်းပါဘူး။ ဆရာတော်က ဘုရားဖူးလာတဲ့ ဧည့်သည်တွေအတွက် သားသတ်လွတ်စတုဒိသာ ထမင်းဟင်းလျာများ စီစဉ်ပေးထားတဲ့အတွက် ဘုရားဖူးရင်း ဗိုက်ဆာမှာကိုလည်း စိတ်ပူစရာ မလိုတော့ပါဘူး။

ပန်းတစ်ပွင့်တောင်ပေါ် ရှုခင်း
ပန်းတစ်ပွင့်တောင်မှ လှမ်းမြင်နေရသော ဖူးကြီးကန်
ပန်းတစ်ပွင့်တောင်ခြေမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေး

အိမ်အပြန် တောင်ခြေမှာရောင်းချတဲ့ အော်ဂန်းနစ်သစ်သီးတန်းမှာ ရာသီပေါ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ဝယ်ယူနိုင်ပါသေးတယ်။ လတ်လတ်ဆတ်ဆတ်နဲ့ ဈေးတန်တာကြောင့် ဝယ်ချင်စရာတွေချည်းပါပဲ။ အနီးအပါးမှာ ရှိတဲ့ ဖူကြီးရေလှောင်တမံဟာ အေးချမ်းလှတဲ့အတွက် စက်ဘီး၊ ဆိုင်ကယ်များဖြင့် လာရောက်အပန်းဖြေတတ်ကြပါတယ်။ ရန်ကုန်မြို့နေပြည်သူတွေ သောက်သုံးရေ သန့်သန့်ရှင်းရှင်း သုံးလို့ရအောင် အမှိုက်ကို လုံးဝမပစ်ချဖို့ မေတ္တာရပ်ခံပါတယ်။ ပန်းတစ်ပွင့်တောင်ကို သွားတုန်းက စာရေးဖို့ဆိုပြီး သွားခဲ့တာ မဟုတ်တော့ စေတီနဲ့ရှုခင်းပုံတွေထက် လူပုံတွေပဲ များများစားစာရှိလို့ ရှိတာပဲ တင်လိုက်ပါတယ်နော်…

ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.