History

Without history, there would be no future.

မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုန္ဓေရုပ်ပွားပေါင်း

မိုးညှင်းသမ္ဗုဒ္ဓေစေတီ၏ ဗိသုကာလက်ရာများသည် မြန်မာနိုင်ငံရှိ အခြား စေတီပုထိုးများနှင့် မတူဘဲ တမူကွဲလို့နေသည်။

အုတ်ကျောင်းအဖြစ် ရှိနေသော ဘိနပ်ခုံတော်သည် စတုရန်း ၁၁၁တောင် ကျယ်ဝန်းရှည်လျားသည်။ ဘိနပ်ခုံတော်ပေါ်တွင် စေတီငယ်များ အထပ်သို့ မြင့်တက်သွားဟန် အဆင့်ဆင့် ပတ်လည်ရံထားသည်။ စေတီငယ်တစ်ဆူချင်းစီ၏ အောက်ခြေ လှိုဏ်ဂူခန်းထဲတွင် ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပါယ်သည်။ စေတီရံများ အလယ်တွင် ပင်မစေတီသည် ကြည်ညိုဖွယ်ရာ တည်ရှိသည်။

အုတ်ကျောင်းတိုက် ပြင်ပ စောင်းတန်းအာရုံခံတလျှောက် စေတီငယ်များဖြင့် ပတ်လည်ရံထားသေးသည်။ စောင်းတန်းရှိ စေတီငယ်များထဲမှ အချို့သည် ဘုံအဆင့်ဆင့်ပါရှိပြီး အထပ်တိုင်းတွင် ဗုဒ္ဓဆင်းတုတော်ပေါင်း များစွာ စံနေသည်။ အချို့စေတီများကိုသော အနုစိတ်လက်ရာမြောက်လှသည့် ကနုတ်များဖြင့် မွမ်းမံခြယ်သထားသည်။ ပင်မစေတီအပါအဝင် စေတီရံများ အားလုံးပေါင်းသော် ၈၆၄ဆူ ရှိသည်။ အုတ်ကျောင်းတိုက်အတွင်းနှင့် အပြင်ရှိ ရုပ်ပွားတော်များ အားလုံးပေါင်းလျင် "မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုန္ဓေရုပ်ပွားပေါင်း" ဆိုသည့် ဂါထာအတိုင်း ၅၈၂ ၃၆၃ ဆူ ရှိသည်။ အခန်းကြီး ၈၀ရှိပြီး အခန်းငယ်ပေါင်း ၁၂၄ခန်း ရှိသည်။

တံခါးပေါက်များမှာ အတက်အဆင်း တံခါးပေါက် ၂၂ပေါက် ရှိပြီး ရိုးရိုးတံခါးပေါက် ၂၀ပေါက် ပါဝင်သည်။

မိုးညှင်းသမ္ဗုဒ္ဓေဘုရားများ ဖြစ်ပေါ်လာပုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အဝင်နားလောက်တွင် လူအသွားအလာ နည်းလှသော မြေနဲတော ရှိသည်။ ၁၉၁၁ခုတွင် အရှင်သုမဏမထေရ်တစ်ပါးသည် ထိုမြေနဲတောသို့ ကြွလာခါ တစ်ပါးတည်း တောရဆောက်တည် တရားအားထုတ်တော့သည်။ သီတင်းသုံး နေထိုင်စဉ်အတွင်း မထေရ်မြတ်သည် ပထမအင်းဝခေတ်မှ မိုးညှင်းမင်းတရား စိုက်ထူခဲ့သော ကျောက်စာချပ်များကို တွေ့ရှိရသည်။ ကျောက်စာချပ်များ တွေ့ရှိပြီးနောက်ပိုင်းတွင် အရှင်သုမဏမထေရ် သီတင်းသုံးသော တောရကျောင်းကို မိုးညှင်းတောရကျောင်းဟု ပြောင်းလဲခေါ်ဆိုလာခဲ့သလို ဆရာတော်ကိုလည်း မိုးညှင်းဆရာတော်ဟု လူသိများလာကြသည်။

မိုးညှင်းဆရာတော်သည် တောရကျောင်းနေရာတွင် စေတီပုထိုး တည်လိုစိတ် ဖြစ်ပေါ်လာသည်နှင့်အမျှ ကိုယ်တော်တိုင် စေတီပုံစံ ထုတ်လေတော့သည်။ ပြီးနောက် အမြင့်မြို့မှ မြန်မာဗိသုကာပညာရှင်ကြီး ဆရာဟံဖြင့် တိုင်ပင်ကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် စေတီပုထိုး တည်ရန် အပ်နှံခဲ့သည်။ ၁၉၃၉ခု၊ ဇွန်လ၊ ၂၀ရက်နေ့တွင် မိုးညှင်းဆရာတော်ကိုယ်တိုင် ရွှေအုတ်ချပ်ဖြင့် အုတ်မြစ်ချကာ မင်္ဂလာပန္နက် ရိုက်တော်မူသည်။ ၁၉၅၈ခုတွင် စေတီတော် ရွှေချခြင်းအပါအဝင် အလုံးစုံ ပြီးစီးခဲ့ပြီး ထိုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် အနေကဇာတင်ပွဲ ကျင်းပ ပူဇော်ခဲ့သည်။ ထိုနှစ်မှစပြီး နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း ဘုရားပွဲအဖြစ် ကျင်းပခဲ့ကြသည်။ မိုးညှင်းဆရာတော်သည် သက်တော် ၉၃နှစ်၊ ဝါတော် ၇၃ဝါ ရှိချိန် ၁၉၅၈ခု၊ အောက်တိုဘာ၊ ၅ရက်နေ့တွင် ခန္ဓာဝန် ချတော်မူခဲ့ကြောင်း ဗဟုသုတ အလိုပငှာ မျှဝေရင်း တော်သေးပြီ။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.