History

Without history, there would be no future.

ပျိုပျိုမေတို့ အသည်းစွဲစေမည့် ပန်းမြို့တော်မှ သစ်ခွဥယျာဉ်

သစ်ခွပန်း ဓာတ်ပုံတွေ အရင်ကြည့်ပြီးမှ သစ်ခွခြံ ဖြစ်ပေါ်လာပုံကို ဖတ်ကြည့်မည်ဆိုလျှင် ပိုပြီး သင့်လျော်ပေလိမ့်မည်။

၁၇၇ဟက်တာ ကျယ်ဝန်းတဲ့ ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ် အတွင်းရှိ သစ်ခွခြံသို့ သွားရန်အတွက် ဥယျာဉ်အတွင်း စိုက်ထူထားသော လမ်းညွှန်ဆိုင်းဘုတ်များက အထောက်အပံ့ ဖြစ်စေသည်။ ကန်တော်ကြီးဥယျာဉ်ကို အင်္ဂလိပ်လက်အောက်တွင် ရှိချိန် ၁၉၁၅ခုတွင် တည်ထောင်ခဲ့ပြီး သစ်ခွခြံကိုတော့ ဦးသန်းရွှေအစိုးရလက်ထက် ၂၀၀၆ခုတွင် ထည့်သွင်း စိုက်ပျိုးခဲ့သည်။ ဥယျာဉ်အတွင်း ပြည်တွင်း၊ ပြည်ပ သစ်ခွမျိုးစိတ်ပေါင်း ၃၀၀ကျော် စိုက်ပျိုးထားသည်။

သစ်ခွအကြောင်း မှတ်သားမိသလောက် မျှဝေရမည်ဆိုလျှင် ကမ္ဘာပေါ်တွင် သစ်ခွမျိုးစုပေါင်း ၇၂၅စုရှိပြီး၊ မျိုးစိတ်ပေါင်းကတော့ ၂၀,၀၀၀ ရှိသည်ဟု ဆိုထားသည်။ မြန်မာ့သစ်တောဦးစီးဌာန မှတ်တမ်းအရဆိုလျှင် မြန်မာနိုင်ငံတွင် သစ်ခွမျိုးစိတ်ပေါင်း ၈၄၁မျိုး ရှိသည်။ မျိုးစိတ်အသစ်များကိုလည်း ဆက်လက် တွေ့ရှိနေဆဲပင် ဖြစ်သည်။ သစ်ခွပင်များကို အလွန်အေးခဲသော ဝင်ရိုးစွန်းဒေသ၊ အလွန်ပူပြင်းသော သဲကန္တာရဒေသများမှ အပ ကမ္ဘာ့ဒေသအနှံ့အပြားတွင် တွေ့ရှိနိုင်သည်။ အထူးသဖြင့် အပူပိုင်းအီကွေတာ သစ်တောကြီးများထဲတွင် အများဆုံး ရှင်သန်နေကြသည်။ သစ်ခွမျိုးစိတ်များ၏ လေးပုံတစ်ပုံမှာ မြေပေါက်အမျိုးအစားဖြစ်ပြီး လေးပုံသုံးပုံမှာ သစ်ကပ်ပင်၊ ကျောက်ကပ်ပင်၊ တစ်ဝက်ကပ်ပါးပင် အမျိုးအစားတို့ ဖြစ်ကြသည်။

သစ်ခွဥယျာဉ် တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန်၊ သစ်ခွပညာရှင်များ သုတေသနပြုနိုင်ရန်၊ မြန်မာ့သစ်ခွမျိုးစိတ်များကို စုဆောင်းပြီး ကမ္ဘာလှည့်ခရီးသည်များ၏ အာရုံစိုက်မှုကို ရယူနိုင်ရန်၊ သစ်ခွပင်များကို မျိုးပွားပြီး မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးနိုင်ရန် တို့ဖြစ်သည်။

သစ်ခွဥယျာဉ်ထဲမှာပင် လိပ်ပြာနှင့် အင်းဆက်များ ပြတိုက်ပါ ထားရှိထားသည်။ အရောင်အသွေး စုံလင်လှသော၊ ရှားပါးလှသော လိပ်ပြာလေးများကိုတော့ ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ထားသဖြင့် လိပ်ပြာပုံများကိုတော့ ထည့်သွင်း မဖော်ပြနိုင်တော့ပေ။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.