History

Without history, there would be no future.

သိမ်မွေ့ခန့်ငြားသော ဗိသုကာလက်ရာများနှင့် The Sanctuary of Truth

အများအားဖြင့် အခြားနိုင်ငံက အဆောက်အဦးတွေအကြောင်း သိပ်စိတ်မဝင်စားခဲ့ မိပေမယ့် ပတ္တရားမြို့က The Sanctuary of Truth အဆောက်အဦးကိုတော့ စိတ်ဝင်စားမိသွားတယ်။

သည်အဆောက်အဦးကို အာရှတိုက်အနှံ့က ဗိသုကာပညာရှင်တွေ စုပေါင်း တည်ဆောက်ထားတာ ဆိုတော့ လက်ရာက တမျိုးတဖုံ ဆန်းသစ်လို့နေတယ်။

ဧက၁၀၀ ကျယ်ဝန်းတဲ့ ခြံဝန်းကြီးထဲမှာ အလျားမီတာ၁၀၀၊ အမြင့်၁၀၅မီတာ ရှိတဲ့ ပင်မအဆောက်အဦးကို သစ်သားချည်းပဲ သီးသန့်အသုံးပြုထားတာကို တွေ့ခဲ့ရတယ်။

စက်လှေကားကအစ သစ်သားချည်းပဲ သုံးထားတယ်။

အမြင့်ဆုံး ပင်မအလယ်ခန်းမကို ရံပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက်မှာ မုခ်လေးမုခ်ပါ ခန်းမလေးခုနဲ့ ဝန်းရံထားသည်။

စိမ်းပြာနေတဲ့ပင်လယ်ပြင်နဘေး ဖြူလွှလွှမြေပြင်ပေါ်မှာ တည်ရှိနေခြင်း၊

အဆောက်အဦးတစ်ခုလုံးကို သစ်သားချည်း သီးသန့်အသုံးပြုထားခြင်း၊

ဗိသုကာပညာရှင်တွေရဲ့ လက်တွေဖြင့် ကောက်ကြောင်းတစ်ခုချင်းစီကို အသေးစိတ် ထွင်းထုထားခြင်း၊

ယိုးဒယား၊ ကမ္ဗောဒီးယား၊ တရုတ်၊ အိန္ဒိယ အပြင် မြန်မာအပါအဝင် အာရှတိုက်အနှံ့က ဗိသုကာလက်ရာတွေကို ပေါင်းစပ်တည်ဆောက်ထားခြင်း၊

အရှေ့တိုင်းအတွေးအခေါ် ပညာရှင်တို့၏ လူသားဖြစ်တည်မှုနှင့် စကြဝဠာ ဆက်စပ်နေပုံကိုပါ ဗိသုကာလက်ရာဖြင့် ထည့်သွင်း ဖော်ကျူးထားခြင်း၊

အဆောက်အဦးအနီး ကမ်းခြေတလျှောက် ဆင်စီး၊ မြင်းစီးပြီး အပန်းဖြေနိုင်ခြင်း၊

သဲသောင်ပြင်မှအလွန် ကုန်းတွင်းပိုင်းတစ်ခုလုံး အုပ်မှိုင်းနေတဲ့ သစ်ပင်အုပ်ကြီးများ စိုက်ပျိုးထိန်းသိမ်းထားခြင်း စတဲ့အချက်တွေကြောင့် The Sanctuary of Truth အဆောက်အဦးသည် သဘာဝဆန်စွာ သိမ်မွေ့လှပလို့နေသည်။

ခြံဝန်းကြီးနဲ့ အဆောက်အဦးရဲ့ ပိုင်ရှင်ကတော့ ယိုးဒယားစီးပွားရေးလုပ်ငန်းရှင် Lek Viriyaphant  ဖြစ်ပြီး ၁၉၈၁ ခုနှစ်မှာ စတင်ဆောက်လုပ်စေခဲ့သည်။ အဆောက်အဦးတစ်ခုလုံး အပြီးသတ်ပြီးစီးရန်ကိုမူ ၂၀၅၀ကို လျာထားသည်။ ၁၉၁၄ တွင် မွေးဖွားပြီး နိုဝင်ဘာ၊ ၁၇၊ ၂၀၀၀ တွင် ဆုံးပါးသွားခဲ့သော Lek Viriyaphant သည်
Ancient City, Erawan Museum and Sanctuary of Truth ကို တည်ထောင်ခဲ့သူဖြစ်ပြီး အနုပညာလက်ရာတွေကို အင်မတန် မြတ်နိုးသူတစ်ယောက်ပါ။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.