History

Without history, there would be no future.

စွန့်လွှတ်စွန့်စား ထားဝယ်သူမကြီး သူရမချစ်ပို၏ မေမြို့ဇာတ်ခုံ အဖုံဖုံ

ချမ်းသည်တစ်ခေါက် မေမြို့သွားရင်းနဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ တတိယအမြင့်ဆုံး တံဆိပ်ဖြစ်သည့် သူရတံဆိပ်ကို ရရှိထားတဲ့ အမျိုးသမီးကြီးတစ်ယောက်ဆီ သွားရောက်ဂါရဝ ပြုခဲ့ပါတယ်။ သူမနာမည်က မချစ်ပိုဖြစ်ပြီး အာဇာနည်လမ်း၊ ထုံးဘို၊ ရပ်ကွက်ကြီး(၁)၊ ပြင်ဦးလွင်မှာ ရှိပါတယ်။ သူမအကြောင်းကို နောက်ပိုင်းလူငယ်တွေ မသိရာကနေစပြီး ပျောက်ကွယ်သွားမှာဆိုးတဲ့အတွက် သီးသန့်ဆောင်းပါးအနေနဲ့ ရေးဖြစ်လိုက်တာပါ။

မချစ်ပိုအတ္ထုပ္ပတ္တိနှင့် ပတ်သတ်ပြီး ဝတ္ထုရယ်လို့တော့ မထွက်သေးပါဘူး။ မှတ်တမ်းတွေလောက်ပဲ ရှိတာပါ။ ဒါပေမယ့် မကြာခင်မှာ ရုပ်ရှင်တစ်ကား အနေနဲ့ ထွက်လာဖို့တော့ ရှိတယ်။ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရိုက်ကူးပြီး အကယ်ဒမီ ဒေါ်စိုးမြတ်သူဇာက သရုပ်ဆောင်ထားပါတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်လောက်ကလည်း ဒါရိုက်တာ ဦးတင်သန်းဦးနဲ့ အကယ်ဒမီ ဒေါ်မို့မို့မြင့်အောင်တို့ ရိုက်ခဲ့ကြသေးတယ်။ အဲ့သည့်တုန်းက ဆင်ဆာမရခဲ့လို့ ထုတ်လွှင့်တာကော၊ မြဝတီရုပ်သံလိုင်းမှာ ပြသတာကော မလုပ်နိုင်ခဲ့ပါဘူး။ သည်တစ်ခေါက်တော့ ဆင်ဆာလွတ်ပြီး ပြသနိုင်ဖို့ မျှော်လင့်တာပါပဲ။

တကယ်တော့ မချစ်ပိုက အသဲဝဲဝဲလေးနဲ့ စကားပြောပြတ်တဲ့ ထားဝယ်သူလေးပါ။ သူမအရပ်က ၅ပေ ၃လက်မဆိုတော့ အရှေ့တိုင်းသူတစ်ယောက်အနေနဲ့ အရပ်ပုတဲ့အထဲမှာတော့ မပါပါဘူး။ အဆက်အသွယ် ပြတ်နေတဲ့ သူမရဲ့မောင်လေး ဘီအီးတပ်မှာ တွေ့လိုက်တယ်လို့ သတင်းရတာနဲ့ လိုက်ရှာဖို့အတွက် မေမြို့ကို ရောက်လာခဲ့တာပါ။

မေမြို့ကို ရောက်တော့ ထုံးဘိုရပ်ရှိ ဦးကြွယ်နှင့် ဒေါ်ပုတို့အိမ်မှာ နေထိုင်ရင်း အလုပ်လုပ်ပါတယ်။ ဦးကြွယ်နဲ့ ရင်းနှီးနေတဲ့ BE တပ်မှ တပ်ကြပ်လှမောင်နှင့် တွေ့ဆုံကြရာမှ အိမ်ထောင်ဖက်များ ဖြစ်လာကြတယ်။ တပ်ကြပ်လှမောင်က BE တပ်မှာ ထမင်းချက်တာဝန်ကို ယူရတယ်

၁၉၄၉ခု၊ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ ကေအန်ဒီအို (KNDO) အဖွဲ့က မေမြို့ကို အလစ်အငိုက် တက်သိမ်းပါတယ်။ စစ်မြေပြင်အင်ဂျင်နီယာ (BE) အဖွဲ့၁ နှင့် အဖွဲ့၂ ဟာ ရသမျှ လက်နက်တွေကို သိမ်းဆည်းပြီး လားရှိုးသို့ ဆုတ်ခွာထွက်ပြေးရတယ်။ လားရှိုးမှာ တပ်ဖွဲ့တွေပြန်စုပြီး မေမြို့ကို ပြန်ချီတက်တယ်။

ထမင်းချက်တပ်ကြပ်လှမောင်လည်း ရှေ့တန်းထွက်တိုက်ရတော့တာပေါ့။ တိုက်ပွဲမှာ ရန်သူ့ကျည်သင့်ပြီး နောက်တန်းပြန်ဆင်းရတယ်။ မချစ်ပိုက ယောက်ျားဖြစ်သူအတွက် ကေအန်ဒီအိုကို အခဲမကျေဘူး။ ဒါကြောင့် အရာရှိကို သူလည်း သည်တိုက်ပွဲမှာ ပါဝင်ပါရစေ ဆိုပြီး ခွင့်တောင်းခဲ့တာ။

ထိုအချိန်တုန်းက အစိုးရတပ်နဲ့ ကေအန်ဒီအိုတပ်တွေဟာ မေမြို့မှာ ခြေကုပ်စခန်းယူကြပြီး မြို့တွင်းတိုက်ပွဲငယ်တွေ မကြာခဏဆိုသလို တိုက်နေကြတယ်။ သည်လိုအချိန်မှာ ရန်သူ့စခန်းရှိ လက်နက်ကြီးနဲ့ စက်သေနတ် တည်နေရာတွေ ထောက်လှမ်းဖို့ အရေးတကြီး လိုအပ်နေတယ်။ ခက်တာက BE တပ်ကုန်းကနေ ထွက်လာတဲ့ ယောက်ျားမှန်သမျှကို ရန်သူ့ဘက်က ဖမ်းဆီးသတ်ပစ်တယ်။ ဒါပေမယ့် အမျိုးသမီးတွေကို ဟိုဘက်သည်ဘက် ဈေးရောင်းဈေးဝယ်တော့ ပြုထားတယ်။ ဒါ့ကြောင့် မချစ်ပိုအနေနဲ့ အမျိုးသမီးထောက်လှမ်းရေး လုပ်ဖို့ အရာရှိက တာဝန်ပေးပါတယ်။

မချစ်ပိုက ဓားမြှောင်တိုတစ်ချောင်းနဲ့ လက်ပစ်ဗုံးကို တောင်းပြီး နွား လေး၊ ငါး၊ ဆယ်ကောင်နှင့်အတူ နွားကျောင်းရင်း ထောက်လှမ်းရေး လုပ်ပါတော့တယ်။ လက်နက်ကြီးနဲ့ စက်သေနတ် တည်နေရာတွေ ထောက်လှမ်းရင်းနဲ့ လမ်းမှာ ရန်သူတပ်သား သုံး၊ လေးယောက် အစုနဲ့ ဆုံရင် ဗုံးနဲ့ ထုချလိုက်တော့တာပါပဲ။ မချစ်ပိုက နောက်ပိုင်း ထမိန်ဝတ်ပြီး ထောက်လှမ်းရေး လုပ်ရတာ အားမရတော့ဘူး။ လက်ပစ်ဗုံးက နေရာတိုင်း သုံးဖို့မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် အထက်အရာရှိဆီကနေ သေနတ်နဲ့ ဘောင်းဘီရှည်ပေးဝတ်ဖို့ တောင်းဆိုတယ်။ ဗိုလ်ကြီးဘဖြူက လက်ခံပြီး ခြောက်လုံးပြူးသေနတ် ထုတ်ပေးတယ်။ မချစ်ပိုက မနက်ပိုင်းဆို ထောက်လှမ်းရေးလုပ်တယ်။ ညဘက်တွေမှာ စစ်တပ်နဲ့အတူ ရန်သူ့စခန်းကို လိုက်တိုက်တယ်။

တစ်ည ရန်သူ့ထောက်ပံ့ရေးကုန်းကို ဝင်စီးရာ မချစ်ပိုဝမ်းဗိုက်ကို သေနတ်မှန်တယ်။ ရဲဘော်တွေက မချစ်ပိုကို မြို့ထဲသို့ ပြန်လည်ပွေ့ချီထုတ်ခဲ့ရတယ်။ နယူးဆေးတိုက်က ဒေါက်တာဘရှင်ကို တိတ်တဆိတ် ဆက်သွယ်တဲ့အခါ ဒေါက်တာဘရှင်လိုက်လာပြီး မချစ်ပိုအား ကားဖြင့် ဆေးတိုက်သို့ သယ်ဆောင်သွားပါတယ်။ ရန်သူဘက်မှ မသင်္ကာသဖြင့် ဒေါက်တာဘရှင်အိမ် လိုက်လာပြီး စုံစမ်းရာ ကားဖြင့်ထွက်သွားတာ လူနာသွားကြည့်တာပါ။ တိုက်ပွဲသံတွေကြားလို့ ကြာကြာမကုရဲသဖြင့် ပြန်လာတာဟု မှင်သေသေနဲ့ ငြင်းလွှတ်သဖြင့် မချစ်ပို လွတ်မြောက်ခဲ့ပါတယ်။ ညတွင်းချင်းပဲ ခွဲစိတ်ကုသပြီး ဒဏ်ရာကို ၁၅ချက်လောက် ချုပ်လိုက်ရတယ်။

တစ်ပတ်ကြာတော့ မချစ်ပိုက ဒဏ်ရာမကျက်သေးပေမယ့် ပြန်ချင်လှပြီဟုဆိုကာ ဆေးတိုက်မှဆင်းလာပြီး ဦးကြွယ်တို့အိမ်မှာ သွားရောက်ပုန်းအောင်းနေခဲ့တယ်။ ထိုစဉ်က မေမြို့ကအစိုးရတပ်တွေအားလုံး အလျင်အမြန် မန္တလေးသို့ ဆင်းပြီး ရန်သူနဲ့ တိုက်ခိုက်နေရချိန်ဖြစ်တယ်။ တပ်သားတွေရဲ့ မိသားစုတွေလည်း မလိုက်ပါနိုင်တဲ့အတွက်ကြောင့် မေမြို့မှာပဲ ပုန်းအောင်းပြီး နေခဲ့ကြရတယ်။

ကေအန်ဒီအိုတပ်ဟာ အစိုးရတပ်သားတွေရဲ့ မိသားစုဝင်တွေထက် မချစ်ပိုကိုပဲ အပူတပြင်း ရှာနေကြတာပါ။ မချစ်ပိုရဲ့ ထောက်လှမ်းရေးသတင်းက ကေအန်ဒီအိုတပ်မှာ အတော်လေးပျံ့နေပါပြီ။ မချစ်ပို ပုန်းနေတဲ့ ထုံးဘိုရပ်မှာ မချစ်ပုဆိုတာ ရှိတယ်။ မချစ်ပုက ကေအန်ဒီအိုတပ်ဖွဲ့ဝင် စောဘစံရဲ့ မယားဖြစ်တယ်။ မချစ်ပုရဲ့ သတင်းပေးချက်အရ မချစ်ပိုတစ်ယောက် ဦးဘကြွယ်တို့အိမ်မှာ ပုန်းနေမှန်း ကေအန်ဒီအိုအဖွဲ့ သိသွားတယ်။ စောဘစံနဲ့ အဖွဲ့ဝင်တွေ ဦးဘကြွယ်အိမ် လိုက်လာပြီ မချစ်ပိုကို အတူလိုက်ခဲ့ဖို့ ခေါ်တယ်။ မချစ်ပိုက ဓားမြှောင်ဝှက်ပြီး လိုက်သွားတယ်။

စောဘစံက မချစ်ပိုမှာ အံပွားအပိုပါတဲ့အတွက် ခုလို အစွမ်းထက်နေတာလို့ ယုံကြည်တယ်။ ဘုန်းနိမ့်အောင်လုပ်ပြီး အံပွားကိုထုတ်ပစ်မှ မချစ်ပိုကို သတ်လို့ရနိုင်မယ်လို့ ယူဆတယ်။ ဒါ့ကြောင့် မချစ်ပုအိမ်မှာ မီးနေသည်ထမိန်နဲ့ စီမံပြီး မချစ်ပိုကို ဘုန်းနိမ့်အောင်လုပ်တယ်။ ပိုသေချာအောင် တပည့်တွေကို ချုပ်ခိုင်းပြီး အံဖုံးကိုဓားနဲ့ခွဲပြီး အံပွားကို ထုတ်စေတယ်။ မချစ်ပိုက သည်အတိုင်း ငြိမ်ခံမနေပါဘူး။ ဝှက်လာတဲ့ ဓားနဲ့ ပြန်လည်တိုက်ခိုက်ရာ စောဘစံရဲ့ တပည့်နှစ်ယောက် ကျပါတယ်။ စောဘစံမှာ ဒေါသထွက်လွန်းသဖြင့် သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ မချစ်ပိုတစ်ယောက် ဘယ်လောက်တောင် အသက်ပြင်းသလဲဆိုရင် သေနတ်ဒဏ်ရာများစွာ ရနေတာတောင် သွေးအိုင်ထဲမှာ တော်တော်နဲ့ မသေနိုင်ခဲ့ဘူး။ စောဘစံတစ်ယောက် မချစ်ပို သေလောက်ပြီ ထင်ရတော့မှ ရေတွင်းထဲ ပစ်ချလိုက်တယ်။ ပိုသေချာအောင် အလောင်းပေါ်သို့ အုတ်ကျိုး၊ ပန်းအိုးကွဲတွေနဲ့ ဖို့စေတယ်။

မချစ်ပို ကျဆုံးတဲ့နေ့က ၁၉၄၉ခု၊ ဧပြီလ ၈ရက်နေ့ပါ။ သူမအသက်က ၄၂နှစ်ပေါ့။ အဲ့သည့်နေ့မှာပဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေက မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် မြို့သိမ်းအောင်ပွဲ ကျင်းပနေကြပါတယ်။ သည်အောင်ပွဲသတင်းတွေကိုတော့ မချစ်ပိုတစ်ယောက် မသိသွားခဲ့ရှာပါဘူး။

မချစ်ပိုကျဆုံးပြီး သုံး၊ လေးရက် အကြာမှာ သူမ၏အလောင်းကို ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။ ၁၉၄၉ခု၊ စက်တင်ဘာလ ၁၆ရက်မှာ သူမကျဆုံးခဲ့တဲ့နေရာမှာပဲ စစ်အခမ်းအနားဖြင့် သဂြိုဟ်ပေးခဲ့ပါတယ်။ ၁၉၅၀ခု၊ ဇန်နဝါရီ ၄ရက် (လွတ်လပ်ရေးနေ့) မှာ မချစ်ပိုကို စစ်ဖက်ဆိုင်ရာတတိယအမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ သူရတံဆိပ်ကို ချီးမြှင့်ကြောင်း ကြေငြာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ဦးအနေဖြင့် သူရဘွဲ့ရတာဟာ မချစ်ပိုက ပထမဆုံးနဲ့ တစ်ဦးတည်းသော ဖြစ်ပါတယ်။

သူရမချစ်ပိုအုတ်ဂူဆီသို့ Cherry Hill Maymyo Tours ရဲ့ မြို့အနှံ့စိတ်ကြိုက်ခရီးစဉ် ဒါမှမဟုတ် ဂုတ်ထိပ်ခရီးစဉ် ကြိုက်တာတစ်ခုခုနဲ့ တွဲဖက်ပြီး လည်ပတ်လို့ ရပါတယ်လို့ သတင်းပါးရင်း တော်သေးပြီ။

Cherry Hill May Myo Tours

ဖုန်းနံပါတ် - ၀၉ ၆၉၅ ၅၀၃ ၃၄၂ / ၃

Thiha Bala Hotel

လိပ်စာ - အမှတ် (၁၃)၊ ဝိုင်အမ်ဘီအေ အရှေ့၊ ရပ်ကွက်ကြီး (၄)၊ (၇) ကွက်၊ ပြင်ဦးလွင်မြို့။

ဖုန်းနံပါတ် - 085-23120, 085-21312, 09 774488238, 09 774488239

Ref: မေမြို့ သို့မဟုတ် ပြင်ဦးလွင်မှ သူရမချစ်ပို - ဆွေမြင့်သူ (ကြေး/မြေ)၊ ကြေးမုံသတင်း ၁၉၉၅ခု မတ်လ၁၃ရက် - ဦးခင်မောင်နိုင် (BE)

📸 Zaw Lin Phyoe ( Danamoe Pyin Oo Lwin . D Audio & Video Production )

မှတ်ချက်။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei - #travellerchan

#maymyo #pyinoolwin #mynmar #machitpo #travel #travelblog

Copyright © 2020 Traveller Chan. All Rights Reserved.