History

Without history, there would be no future.

အာဇာနည်နေ့ အမှတ်တရ အလွမ်းပြေမှတ်တမ်း

အာဇာနည်ပုဂ္ဂိုလ် ကိုးဦး လုပ်ကြံခံခဲ့ရသည်မှာ ၁၉၄၇ခု ဇူလိုင်လ၊ ၁၉ရက်နေ့ ဆိုတော့ ၇၂နှစ်တောင် ပြည့်တော့မည်ပဲ။

လုပ်ကြံခံရသော အာဇာနည်ပုဂ္ဂိုလ် ကိုးဦး

ဗိုလ်ချုပ်အောင်ဆန်း (ဝန်ကြီးချုပ်)၊ ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)၊ မန်းဘခိုင် (အလုပ်သမားရေးရာဝန်ကြီး)၊ ဦးရာဇာတ် (ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)၊ သခင်မြ (ပြည်ထဲရေးဝန်ကြီး) နှင့် ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) တို့က ပစ်ခတ်မှုဖြစ်တဲ့နေ့ ၁၀နာရီ ၃၇မိနစ်မှာ ကွယ်လွန်ခဲ့တယ်။ ရဲဘော်ကိုထွေး (ဦးရာဇတ်၏သက်တော်စောင့်) က လုပ်ကြံသူတွေ ပြန်အထွက်မှာ တိုးပြီး သေနတ်နဲ့ အပစ်ခံရတဲ့အတွက် ၁၀နာရီ ၄၅မိနစ်မှာ ကျဆုံးခဲ့တယ်။ ဒီးဒုတ်ဦးဘချို (ပြန်ကြားရေးဌာနဝန်ကြီး) က ရန်ကုန်ဆေးရုံကြီး ရောက်ပြီးနောက် မွန်းလွဲ ၁နာရီ ၄၅မိနစ်မှာ အနိစ္စရောက်တယ်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး) ကတော့ သေနတ်ဒဏ်ရာတွေကြောင့် ဇူလိုင်လ ၂၀ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်က နှစ်ခုရှိတယ်။ တစ်အိမ်က မကွေးတိုင်း၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းမှာ ရှိတာ။ ဗိုလ်ချုပ်အောင်ဆန်း ကလေးဘဝကနေ လူငယ်ပိုင်းအထိ နေထိုင်ခဲ့တဲ့အိမ်ပေါ့နော်။ နောက်တစ်အိမ်ကကျတော့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း မှာ ရှိတယ်။ ဂျာမဏီသံရုံးနဲ့ မနီးမဝေးပေါ့။ ဗိုလ်ချုပ်အောင်ဆန်း အိမ်ထောင်ကျပြီး နောက်ပိုင်းမှ ပြောင်းနေတဲ့အိမ်လို့ သိရတယ်။

ချမ်းအခု ပြောပြသွားမယ့်အိမ်ကတော့ ရန်ကုန်ကအိမ်ပါ။ ရန်ကုန်အိမ်မှာတော့ ဗိုလ်ချုပ်က ၂နှစ်လောက်ပဲ နေလိုက်ရတယ်။ ၁၉၄၅ခု၊ မေလ ကနေ ၁၉၄၇ခု၊ ဇူလိုင်လ အထိပေါ့။ ရန်ကုန်အိမ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်အပိုင်တော့ မဟုတ်ပါဘူး။ ငှားနေတာပါ။ ၁၉၄၈ခု ဇူလိုင်လ၊ ၈ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် ရန်ပုံငွေကြီးကြပ်ထိန်းသိမ်းရေး အမှုဆောင်အဖွဲ့မှ မူလပိုင်ရှင်ထံကနေ ငွေသုံးသောင်းကျပ်နဲ့ ဝယ်ယူပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်သူမိသားစုထံ အပ်နှံလိုက်တာလို့ မှတ်သားရတယ်။

ဖွင့်ချိန်။ ။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေတဲ့အတွက် ၂၁-၆-၂၀၁၉ ကနေ ၁၈-၇-၂၀၁၉ထိ ယာယီပိတ်ထားပါတယ်။ ဇူလိုင်လ ၁၉ရက်နေ့မှာ ပြန်ဖွင့်ပါလိမ့်မယ်။

၁၉-၇-၂၀၁၉ : နံနက် ၆နာရီမှ ညနေ ၆နာရီထိ
၂၀-၇-၂၀၁၉ : နံနက် ၈နာရီမှ ညနေ ၅နာရီထိ
၂၁-၇-၂၀၁၉ : နံနက် ၈နာရီမှ ညနေ ၅နာရီထိ

ဝင်ကြေး - ပြည်တွင်း/ပြည်ပ အခမဲ့

ရှောင်ရန်။ ။ ဖုန်း၊ အလံ၊ ပိုက်ဆံအိတ်အသေးမှစပြီး အိတ်မျိုးစုံ၊ ကင်မရာ၊ မီးခြစ်၊ ပန်းစည်းပန်းခွေပန်းခြင်း၊ ဗီနိုင်းပိုစတာ၊ ပုလင်းမျိုးစုံ၊ ပလက်စတစ်နှင့် စတီးပိုက်မျိုးစုံ ယူဆောင်ခွင့် လုံးဝမပြုပါ။ အဝတ်အစားနဲ့ ပတ်သတ်ပြီး ဂါရဝတရားရှိတဲ့ ဝတ်စုံမျိုးကို ရွေးခြယ်ဝတ်သွားကြပါနော်။

အတွင်းဝန်များရုံးရှိ မရဏအခန်း

ရန်ကုန်မြို့လယ်ရှိ အတွင်းဝန်များရုံးကို သိမ်ဖြူလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း နှင့် ဗိုလ်အောင်ကျော်လမ်း စသည့် လမ်းကြီးလေးသွယ်ဖြင့် ဝန်းရံထားသည်။ အတွင်းကို ဝင်ဖို့အတွက် သိမ်ဖြူလမ်းဘက်က ဂိတ်ပေါက်ကို သုံးရပါမယ်။ ကိုလိုနီခေတ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၀၂ခုမှာ ပင်မအဆောက်အအုံကြီးကို ပြီးစီးခဲ့တယ်။ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ အရံအဆောက်အအုံကတော့ ၁၉၀၅ခုမှာ ပြီးပါတယ်။

၁၉၄၇ခု ဇူလိုင်လ ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများသည် အတွင်းဝန်များရုံးမှာ မြန်မာနိုင်ငံကြီး သူ့ကျွန်ဘဝမှ လုံးဝ လွတ်မြောက်ရေးနှင့် မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး ထိုင်ခဲ့ကြပါတယ်။ အစည်းအဝေးခန်းမဟာ ပေ၄၀ ပတ်လည်ရှိပြီး ကြောင်လိမ်လှေကားကနေ ဆိုရင် ခြေလှမ်း ၃၆လှမ်းစာမျှသာ ဝေးကွာတယ်။ ဗိုလ်အောင်ကျော်လမ်းဘက်အခြမ်းမှာ ရှိတဲ့ အခန်းပါ။ တံခါးပေါက် သုံးပေါက်ပါပြီး ပြတင်းပေါက်က တစ်ပေါက်တည်း ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းထိုင်တဲ့ ခုံက ပြတင်းပေါက်ကို ကျောပေးပြီး အတွင်းလျှောက်လမ်းဘက်ကို မျက်နှာမူထားတဲ့ အနေအထားမှာ ရှိတယ်။ ပြတင်းပေါက်နဲ့ မြေပြင်ဟာ ပေ၅၀ အမြင့် ဝေးကွာတယ်။ လုပ်ကြံသူများ အတွင်းဝန်ရုံးဝင်ပေါက်ကနေ တက်ချိန်က စပြီး သေနတ်ဖြင့် ပစ်ခတ်ပြီးချိန်အထိ စုစုပေါင်း ၇မိနစ်မျှသာ ရှိခဲ့တယ်။ မည်သည့်အရံအတား အစောင့်အကြပ်မှ မထားခဲ့မိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများဟာ ၇မိနစ်စာ အချိန်လေး အတွင်းမှာပဲ အလွန့်အလွန် လွယ်ကူစွာနဲ့ပဲ ဇိဝိန်ခြွေခံခဲ့ကြရတာပါ။

ဖွင့်ချိန်။ ။ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၅နာရီထိ

ဝင်ကြေး။ ။ ပြည်တွင်း လူကြီး ၃၀၀၀ကျပ်၊ ကလေး ၁၀၀၀ကျပ်

အာဇာနည်ဗိမာန်

ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီးမှာ ရှိပါတယ်။ အာဇာနည်ဗိမာန် မဆောက်ခင် ဂျပန်ခေတ်လောက်ကတည်းက သည်နေရာကို အာဇာနည်ကုန်းအဖြစ် စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကြီးမှူးသတ်မှတ်ခဲ့တာ ဖြစ်တယ်။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားကြတဲ့ လူမျိုးဘာသာမရွေး အာဇာနည်ပုဂ္ဂိုလ်တိုင်းအတွက် ရည်မှန်းပြီး အာဇာနည်ကုန်းအဖြစ် ထားခဲ့ကြတာပါ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ လုပ်ကြံခံရပြီးနောက် ၁၉၄၈ခု ဧပြီလ၊ ၁၁ရက်နေ့မှာ နိုင်ငံတော်ဈာပနာပွဲ ကျင်းပပါတယ်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်နှင့် ဦးအုန်းမောင်တို့၏ အရိုးပြာများကို အာဇာနည်ကုန်းသို့ ပို့ဆောင်ပြီး အာဇာနည်ဗိမာန်အတွင်း ဂူသွင်းခဲ့တာပါ။ တွဲလျက် စီတန်းပြီး ရှိနေတဲ့ အာဇာနည်ဗိမာန်များထဲမှာမှ ကြယ်ပုံရှိတဲ့ ဂူက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်လို့ သိရပါတယ်။

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းကိုတော့ သူ၏မွေးရပ်မြေဖြစ်တဲ့ မိုင်းပွန်နယ်သို့ သယ်သွားပြီး သဂြိုင်္ဟ်ကြပါတယ်။ စော်ဘွားကြီးရဲ့ အရိုးပြာများကို မိုင်းပွန်နယ်နှင့် အာဇာနည်ဗိမာန်တွေမှာ နှစ်နေရာ ခွဲပြီး ဂူသွင်းထားပါတယ်။ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေး ရုပ်ကလပ်တွေကိုတော့ တာမွေ မွတ်ဆလင်သချိုင်္င်းမှာ သီးသန့် သဂြိုဟ်ခဲ့တယ်လို့ သိရတယ်။

ဖွင့်ချိန်။ ။ ဝင်ခွင့်မရှိ

ဇူလိုင် ၁၉နှင့် ပတ်သတ်ပြီး သိသလောက် မျှဝေရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.