History

Without history, there would be no future.

အောင်ကျော်လှဝင်း ရုပ်စုံခင်း

ကုန်းဘောင်ခေတ်က သူဌေးကြီးဦးဘိုးကြည်တစ်ယောက် သုဓမ္မာဂိုဏ်းထောက် တောရဆရာတော် ဦးဂုဏအား အထူးကြည်ညိုလှတယ်။ လက်ထဲမှာလည်း ငွေရွှင်တုန်း၊ သဒ္ဒါတရားကလည်း ထက်သန်တုန်း ကျောင်းတော်ကြီးတစ်ဆောင်လောက် ဆောက်လုပ်လှူဒါန်းလိုက်ချင်ပါဘိ။ ပြောနေကြာရော့မယ်… သက်ဦးဆံပိုင်ပါတဲ့ ဘုရင်မင်းတရားကြီးဆီ အခွင့်တောင်း လျှောက်တင်အုံးမှပါပဲ။ သီပေါမင်းတရားကြီး ကိုယ်တိုင်လည်း ကြည်ညိုရင်းစွဲရှိတဲ့ ဆရာတော်မို့ ခွင့်ပြုတန်ကောင်းပါရဲ့။

စလေရုပ်စုံကျောင်းဒါယကာ သူဌေးကြီးဦးဘိုးကြည်

အခွင့်ရတော့လည်း တံခါးလေးစင်းတပ် အိမ်တော်ပုံ ဆောက်လုပ်ခွင့် ပြုသတဲ့။ ဒါတွေကလည်း ဆရာတော်ဘုရားရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကြောင့်ပဲ မဟုတ်ပေလော။ ဘုန်းသမ္ဘာအရှိန်အဝါ ကြီးမားတဲ့ ဆရာတော်တွေအတွက်သာ ဆောက်လုပ်ခွင့်ပေးတဲ့ ကျောင်းတော်မျိုးပေပဲ။

ကျောင်းတော်ဆောက်ရတော့မယ်ဆိုတော့ အခမ်းနားဆုံးလည်း ဖြစ်ချင်မိသား။ သည်လိုဆိုတော့ သစ်တကာ့သစ်မှာ အဖိုးတန်လှပါတဲ့ ကျွန်းသစ်တွေကို သုံးရမှာပေါ့။ သစ်အတွက်လည်း ပူရန်မရှိ။ မင်းတရားကြီးက ရခိုင်ရိုးမအစပ်မှာ ကျွန်းသစ်တွေကို အခွန်တော်မရှိ အခမဲ့ ခုတ်ယူခွင့်ပြုပေတယ်။ ဗိသုကာဆရာနဲ့ လက်သမားဆရာတွေကိုတော့ စလင်းမြို့နယ် တညောင်ရွာ (စညောင်ရွာ)က ငှားရမယ်။ ကျောင်းတော်လှပဖို့ ပန်းပုဆရာကိုတော့ ပခုက္ကူ၊ ရေစကြိုမြို့က ငှားလိုက်မယ်။

ကျောင်းတော်ကြီးကို ကုန်းဘောင်ခေတ် ၁၂၄၄ခုမှာ စဆောက်ကြတော့တာပါပဲ။ မှတ်ရလွယ်အောင် “အောင်ကျော်လှဝင်း ရုပ်စုံခင်း” ဟု မှတ်လေကွဲ့။ ကျောင်းဆောက်နေရင်း တတိယ အင်္ဂလိပ်-မြန်မာစစ် ဖြစ်သွားတာကတစ်ကြောင်း၊ သီပေါမင်း ပါတော်မူတာကတစ်ကြောင်း အကြောင်းကြောင်းရယ်ကြောင့် ကိုလိုနီခေတ် ၁၂၅၄ခုမှပဲ ပြီးလေတယ်။

မြန်မာသက္ကရာဇ် ၁၂၄၄ - ၁၂၅၄

ခေတ်ပြောင်းခေတ်လွှဲမှာ ဆောက်ခဲ့ပေမယ့်လည်း စလေရုပ်စုံကျောင်းဟာ ဆိုရင်ဖြင့် ရတနာပုံခေတ်လက်ရာများရဲ့ စံ အဖြစ် သတ်မှတ်ခံရလောက်အောင် လက်ရာပြောင်မြောက်လှပေတယ်။ လုံးပတ် ၆ပေရှိတဲ့ ကျွန်းတိုင်လုံးပေါင်း ၁၅၄တိုင်ကို သုံးထားခဲ့တယ်။ ပန်းပဲသံ အသေးဆုံးဆိုတာတောင် ၁လက်မခွဲ ရှိသတဲ့။ ကျောင်းဦးပြသာဒ်၊ စနုဆောင်၊ ဆောင်ပု၊ ဆောင်လှ (ဇေတဝန်ဆောင်)၊ ဆောင်မ၊ ခုံးဆောင်၊ အနောက်ဆောင်၊ စင်္ကြံသွားလမ်း၊ လသာဆောင် စသည်ဖြင့် အဆောင်အဆောင် အခန်းခန်းနှင့် ခမ်းနားလှပါဘိ။ စင်္ကြံတိုင်ထိပ်က တိုင်ဖုံးများကို သဲကျောက်ဖြင့် ငုံပြီး မင်းသား၊ ဇော်ဂျီ၊ ဂမ္ဘီရုပ်များ ထုဆစ်ထားလိုက်သေးတယ်။ အုတ်လှေကားက လေးစင်းတောင်ရှိတာ။ လှေကားတစ်စင်းစီမှာ နယားရုပ်နှစ်ကောင်စီ ထွင်းထုထားတယ်။ မြောက်ဘက်လှေကားမှ နယားရုပ်တွေက ပါးစပ်ဖွင့်ထားပြီး တောင်ဘက်လှေကားမှ နယားရုပ်တွေက ပါးစပ်ပိတ်ထားကြတာကတော့ ထူးခြားတယ်ကွဲ့။ ဤမျှလှပခမ်းနားပါတဲ့ ရုပ်စုံကျောင်းတော်ကြီးဟာ အလျား ၁၅၂ပေ၊ အနံ ၇၆ပေ ရှိတယ်။ သြော်… မေ့လို့ တောရကျောင်းတို့၏ အစဉ်အလာအတိုင်း မီးတင်းကုပ်လည်း ပါသတဲ့။ ခုတော့ဖြင့် မီးတင်းကုပ်က ပျက်ဆီးသွားပြီမို့ တွေ့ရတော့မည် မဟုတ်ပေ။

အလျား ၁၅၂ပေ၊ အနံ ၇၆ပေရှိသော စလေရုပ်စုံကျောင်း
မြောက်ဘက်လှေကားမှ ပါးစပ်ဖွင့် နယားရုပ်များ

အပြောင်မြောက်ဆုံးကတော့ ပန်းပုလက်ရာတွေပါပဲ။ ဆရာတော်ဦးဂုဏကိုယ်တိုင် ရွေးခြယ်ပေးထားတဲ့ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်နှင့် ဓမ္မပဒေသာဇာတ်တော်ထဲက ကောင်းနိုးရာရာ ဇာတ်တော်တွေကို ပန်းပုထုဆစ်ထားကြတာ။ ပန်းပုတွေ ထုဆစ်ထားခဲ့တဲ့ ရည်ရွယ်ချက်ကလည်း မွန်မြတ်ပေတယ်။ ကျောင်းထိုင်ရဟန်းတွေနှဲ့ကျောင်းတော်လာဧည့်ပရိတ်သတ်တွေ အနေနဲ့ ဇာတ်နိပါတ်တော် ပန်းပုတွေကြည့်ပြီး သံဝေဂ ရစေချင်သတဲ့။

ကိလေသာနှောင်အိမ်။ ။ လက်ရာမြောက်ချက်က အနုစိတ်နေတာပဲ
ရတနာပုံခေတ်အိမ်ဈေးဆိုင်။ ။ မြင်းတင်းကုတ်လေးတောင် ပါလိုက်သေး
မြန်မာ့ရက်ကန်း။ ။ ထိုင်ပြီးယက်ကန်းယက်နေသူရယ်၊ ချည်ယက်ကန်းစကေို ထိန်းကိုင်ပေးနေသူရယ်နဲ့ အသေးစိတ်လိုက်တာ
သိဝိမင်းနှင့် ဥမ္မာဒန္တီဇာတ်
ဥပတိဿနှင့် ကောလိတတို့ တောင်ထိပ်ပွဲ ဆင်နွှဲနေပုံ၊ ညာဘက်က မပဋာဇာတ်
အရှင်ရေဝတ ရဟန်းမပြုခင်က မင်္ဂလာဆောင် အပြန်ခန်း
မဟာဓနသူဌေးသားနှင့် သေသောက်ကြူးများ
မဆာဝါနှင့် မိဘများရယ်၊ ရဟန်ဥပကနှင့် မဆာဝါရယ် ပန်းပုရုပ်များ
ရှေးက ပိဋိကတ်တွေ ဗုဒ္ဓကျမ်းဂန်တွေ သိမ်းဆည်းတဲ့ စာတိုက် သေတ္တာကြီး
ရှေးက ပိဋိကတ်တွေ ဗုဒ္ဓကျမ်းဂန်တွေ သိမ်းဆည်းတဲ့ စာတိုက်သေတ္တာကြီး
ရှေးဟောင်းဘီဒို

နိဂုံးချုပ်ရရင်ဖြင့် ရှေးမြန်မာတို့၏ ဗိသုကာ ပန်းပုလက်ရာတွေဟာ မခေလှကြောင်း အကြွားပိုရင်း ကျန်းမာတုန်း သွားလေ့လာကြဖို့ နိုးဆော်ရင်း တော်သေးပြီ။

အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.