History

Without history, there would be no future.

ကျွန်းပေါ်မှအိမ်ကလေး

“ကျွန်းပေါ်မှအိမ်ကလေး” ဆိုတော့ ချမ်းတစ်ယောက် နွေပူပူကြီး ဘယ်ဆီများ ခြေဆန့်နေပါလိမ့်ဆိုပြီး မထင်လိုက်ပါနဲ့လို့။ ရန်ကုန်နွေ ပူလွန်းလို့ အိမ်ထဲကအိမ်ပြင်တောင် မထွက်နိုင်ဘူးရယ်။ ရန်ကုန်မြို့ထဲမှာတင် ရှိတဲ့ သည်အိမ်လေးကိုတောင် စိတ်ဝင်စားလွန်းအားကြီးလို့သာ အားခဲပြီး သွားရတာ။

ကမ္ဘာအေးဘုရားလမ်း (ကုက္ကိုင်းလမ်း) နှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်မှာ ရှိတဲ့ သည်အိမ်ဝန်းကြီးက ခုနှစ်ဧကတောင်ကျယ်တယ်ရော။ လူအတော်များများ ဝန်းအရှေ့က ဖြတ်သွားကြဖူးပေမယ့် အထဲမှာ ကိုလိုနီခေတ်ရှားပါးလက်ရာ ငါးထပ်တိုက်အိမ်တော်ကြီးတစ်ခုရှိတာ သိပ်မသိကြဘူးရယ်။ ကပ်ကပ်ပြီး ကျော်သွားကြတာ အများသားပေါ့။ ချမ်းလည်း ခုမှရောက်ဖူးတာ။

အိုင်ယာလန်ဖွား အင်္ဂလိပ်လူမျိုးစာရေးဆရာ Maurice Collis ရေးသားထားတဲ့ "Lords of the Sunset" ဆိုတဲ့စာအုပ်ထဲမှာ "ကျွန်းပေါ်မှအိမ်ကလေး" အကြောင်းကို အတိုချုပ်လေး ပျိုးထားတယ်။ ရှမ်းပြည်နယ်ခရီးမစခင် ရန်ကုန်မှာနေစဉ်အတွင်း သည်အိမ်တော်ကြီးမှာ သူနေထိုင်ခဲ့တယ်ပေါ့။ စာအုပ်ရဲ့ အဓိကအကြောင်းအရာကတော့ ရှမ်းပြည်နယ်ဘက်ခရီးသွားအတွေ့အကြုံ တွေပါ။

Maurice Collis ညွှန်းထားတဲ့ “ကျွန်းပေါ်မှအိမ်ကလေး” ကို ဒေသခံတွေက “ချင်းချောင်းနန်းတော်” လို့ နာမည်ပေးထားကြတယ်။ အရှေ့တိုင်းနှင့် အနောက်တိုင်း ဗိသုကာလက်ရာတွေ တွဲစပ်ထားတဲ့ အိမ်ကြီးက ခမ်းနားလွန်းလို့ နန်းတော်နဲ့တောင် တင်စားရပါတယ်တဲ့။ ကိုလိုနီခေတ်မှာ ခြံဝန်းကျယ်ကြီးနဲ့ ငါးထပ်လုံးချင်းတိုက်ဆိုလို့ ချင်းချောင်းနန်းတော်ပဲ ရှိမှာပါလေ။ ဒါတောင် မြေအောက်ခန်းတစ်ထပ်ကို ထည့်မတွက်ထားဘူးရယ်။

“ချင်းချောင်းနန်းတော်” လို့ ခေါ်ရတဲ့အကြောင်းရင်းက မြန်မာပြည်ဖွား တရုတ်လူမျိုး သူဌေးကြီး လင်ချင်းချောင်း (Lim Chin Tsong) နေထိုင်ခဲ့လို့ပါတဲ့။ လင်ချင်းချောင်းရဲ့ ဘဝဇာတ်ခုံက စိတ်ဝင်စားဖွယ်ရာ အပြည့်နှင့်ပေါ့။

လင်ချင်းချောင်း (Lim Chin Tsong) ရဲ့ ဖခင်က တရုတ်ပြည်ဖွား လင်ဆူးဟန် (Lim Soo Hean) ပါတဲ့။ ၁၈၆၁ခုနှစ်မှာ မြန်မာပြည်ထဲသို့ ရေလမ်းကနေ ဝင်လာတာ။ လင်ဆူးဟန် (Lim Soo Hean) က စာမတတ်ဘူးရယ်။ ဒါ့အပြင် ပိုက်ဆံလည်း မရှိပါဘူး။ သုညဘဝကနေ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်အနှံ့ ဆန်နှင့်ပဲမျိုးစုံ ကုန်ကူးသန်းရင်း ချမ်းသာလာတာ။ အဲ့တုန်းက အောက်မြန်မာပြည်က အင်္ဂလိပ်လက်အောက်မှာ။ အထက်မြန်မာပြည်ကတော့ မင်းတုန်းမင်းရဲ့ အာဏာစက်ထဲမှာပေါ့။

နောက်တော့ လင်ချင်းချောင်း (Lim Chin Tsong) ကို မွေးတယ်။ လင်ဆူးဟန် (Lim Soo Hean) ဟာ ကုန်ကူးသန်းရင်း အင်္ဂလိပ်စာက အရေးပါကြောင်း သဘောပေါက်လာတယ်။ ဒါနဲ့ သူ့သားကို St. Paul’s School (ဗိုလ်တထောင် ၆) မှာ ကျောင်းထားတယ်။ အထက်တန်းပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ ကောလိပ်ဆက်တက်စေတယ်။

လင်ချင်းချောင်း (Lim Chin Tsong) အသက် ၁၈နှစ်၊ ၁၈၈၅ခုမှာ သူ့အဖေ ကွယ်လွန်သွားတယ်။ အချို့စာတွေထဲမှာ ၁၈၈၈ခုမှာ ဆုံးတာလို့ ရေးထားတယ်။ မည်သို့ပင်ဆိုစေကာမူ ကောလိပ်ကထွက်ပြီး ဖခင်ရဲ့စီးပွားရေးကို လက်လွှဲယူလိုက်ရပါတယ်လို့။ သူ့လက်ထက်မှာ စီးပွားရေး တဟုန်ထိုး တိုးတက်လာလိုက်တာ စင်ကာပူ၊ ဟောင်ကောင်၊ ပီနန်ကျွန်း အပြင် အခြားနိုင်ငံတွေအထိပါ ကုန်ကူးသန်းနိုင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ရေနံလုပ်ငန်း လုပ်ခွင့်ရတဲ့ တစ်ဦးတည်းသော မြန်မာနိုင်ငံသားသူဌေးဖြစ်ခဲ့တာကတော့ သူ့ရဲ့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ။

ချမ်းသာမှုနှင့်အတူ အလှူအတန်းလည်း ရက်ရောလို့ ဂုဏ်သတင်းလည်း ကျော်စောတယ်။ ထင်ရှားတဲ့ အလှူအတန်းတွေက ဂျင်မခန်ဒါ သားဖွားဆေးရုံ တည်ထောင်ရာမှာ မတည်ငွေ အများဆုံး ထည့်ခဲ့တာရယ်၊ ရန်ကုန်တက္ကသိုလ် ဆောက်လုပ်ရာမှာ လှူဒါန်းငွေ ထည့်ခဲ့တာတွေရယ်ပါ။ ၁၉၁၉ခုမှာ ဗြိတိသျှအင်ပါယာဂုဏ်ထူးဆောင်ဘွဲ့တစ်မျိုးဖြစ်တဲ့ OBE ဘွဲ့ ချီးမြှင့်ခံရပါတယ်။

လူလတ်ပိုင်းအရွယ်ရောက်တော့ သူက ခမ်းခမ်းနားနားအိမ်တော်ကြီး တစ်လုံး ဆောက်ချင်လာတယ်။ ၁၉၁၅ခုမှာ အောက်ခံအင်္ဂလိပ်အုတ်တိုက်ပေါ်မှာမှ တရုတ်ဘုံကျောင်း အဆင့်ဆင့် ဆင့်ထားဟန် အိမ်တော်ကြီးတစ်လုံးကို စဆောက်တော့တယ်။ ဗိသုကာဒီဇိုင်းနဲ့ အိမ်အတွင်းအလှဆင်ဖို့အတွက် အင်္ဂလန်နိုင်ငံအထိတောင် သွားရောက်လေ့လာ ဝမ်းခြမ်းခဲ့တာတဲ့။ အိမ်တော်အတွက် ကုန်ကျငွေ စုစုပေါင်း ရူပီငွေ နှစ်သန်းနှစ်သောင်းတောင် သုံးခဲ့တာ။ ၁၉၁၈ခုမှာ ပြီးစီးတယ်။ အချို့ကတော့ ၁၉၁၉လို့ ပြောကြတယ်။

အိမ်တော်ထဲမှာ တရုတ်ကြွေထည်တွေ၊ ပြောင်လက်နေတဲ့ ကြမ်းခင်း၊ ပါရှန်းကောဇော၊ ပန်းချီပညာရှင်ကြီး ဦးဘဥာဏ်ရဲ့ ပန်းချီလက်ရာတွေ၊ ကနုတ်ပန်းအမျိုးမျိုး၊ ကြွေထည်မြှုပ်ထားတဲ့ တိုင်လုံးကြီးတွေနဲ့ ခမ်းနားလွန်းအားကြီးပါပေတယ်။

ကံတရားက ထူးဆန်းတယ်။ အခိုင်အမာဖြစ်နေတဲ့ သူ့ရဲ့ လုပ်ငန်းတွေဟာ ၁၉၂၁ခုမှာ အောက်ခြေယိုင်နဲ့လာတယ်။ ဗြိတိသျှအစိုးရက ဆန်တင်ပို့ရောင်းချမှုကို အိန္ဒိယနိုင်ငံမှအပ မည့်သည့်နိုင်ငံကိုမျှ ရောင်းချခွင့်မပြု ဆိုပြီး ပေါ်လစီအသစ် ထုတ်လိုက်တာ။ အဲ့သည့်မှာ ဆန်ဈေးတွေ ကြောက်ခမန်းလိလိ ကျဆင်းကုန်တယ်။ ဈေးကွက်ပျက်လို့ ဒုက္ခရောက်နေချိန်မှာ ရေနံလုပ်ပိုင်ခွင့် BOC ကုမ္ပဏီကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းလိုက်ပြန်တယ်။ ထိုအချိန်မှစပြီး သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ လုံးဝဥသုံ ပြိုလဲပျက်ဆီးသွားတော့တာပါပဲ။ ပိုင်ဆိုင်မှုတွေ အကုန်ရောင်းချ၊ ငွေကြေးတွေချေးငှားပြီး ဆင်းရဲသားဘဝဖြင့် စိတ်ပင်ပန်းကြီးစွာ ဖြတ်သန်းရတော့တယ်။

၁၉၂၃ခုနှစ်မှာတော့ သူဟာ လောကဓံရဲ့ အထုအထောင်းကို ကျောခိုင်းပြီး လူ့လောကကြီးထဲကနေ ထွက်ခွာသွားရလေပြီ။ သူ့ရဲ့ ကျန်ဘဝတလျှောက်လုံး စည်းစိမ်ခံစားရင်း ကျကျနနနေမယ်လို့ ရည်ရွယ်ပြီး အခိုင်အမာတည်ဆောက်ခဲ့တဲ့အိမ်တော်ကြီးမှာ သူဟာ သိပ်တောင် မနေသွားခဲ့လိုက်ရရှာဘူး။ သူ့ရဲ့ဖခင်ဟာ သုညဘဝကနေစပြီး ကုန်သည်သူဌေးကြီး ဖြစ်လာတယ်။ သူ့လက်ထက်မှာ သူ့အဖေ၏ အောင်မြင်မှုထက်ကျော်ပြီး နိုင်ငံရပ်ခြားထိ ကုန်ကူးသန်းနိုင်ခဲ့တယ်။ ဒါပေမယ့် နိဂုံးမှာတော့ သုညဘဝကို ကျော်လွန်ပြီး အကြွေးပါတင်ခဲ့လေတယ်။

အိမ်တော်ကြီးကို ဂျပန်လူမျိုးတစ်ယောက်က အကြွေးနဲ့ သိမ်းသွားလို့ ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေလည်း မနေလိုက်ရပြန်ဘူး။ ၁၉၄၁ - ၁၉၄၅ ရောက်တော့ ဂျပန်တွေက ရေဒီယိုအသံလွှင့်ဌာနအဖြစ် အသုံးပြုခဲ့ကြတယ်။ ဂျပန်ဆုတ်တော့ အိန္ဒိယလူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် လက်ထဲရောက်ပြန်တယ်။ နောက်တော့ ပြည်သူပိုင်းသိမ်းခံရတယ်။ ၁၉၅၀မှာ ကမ္ဘောဇရိပ်သာနာမည်နဲ့ နိုင်ငံတော်ဧည့်ဂေဟာအဖြစ် သုံးခဲ့ပြန်တယ်။ ထို့နောက်ပိုင်းကစပြီး ခုအချိန်ထိ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်မှာ ရှိနေတာပါ။

ချင်းချောင်းနန်းတော်
အိမ်တော်တွင်းသို့ ဝင်ရသည့် ပင်မအိမ်ပေါက်ဝ
အိမ်တော်ရဲ့ မြေညီထပ်ကနေပြီး တွေ့ရတဲ့ ပထမထပ်မြင်ကွင်းပါ။ အောက်ခြေတိုင်လုံးတွေက လူတစ်ယောက်ဖက်စာမကကို ကြီးမားပါတယ်။ တိုင်ထဲမှာ ကြွေစတွေ မြှုပ်ထားတဲ့အတွက် တလက်လက်လေး ဖြစ်နေသေးတယ်။ အလင်းအား မနိုင်လို့ ပုံထွက်က သိပ်မကောင်းဘူး ဆိုပေမယ့် အပြင်မှာ သည့်ထက် အများကြီး ပိုခမ်းနားပါတယ်။
အိမ်တော်၏ ပထမထပ်မှ ဒုတိယထပ်သို့ တက်ရသည့် လှေကားခွင်
ပထမထပ်ရှိ နံရံပေါ်မှာ ရေးဆွဲထားသည့် ပန်းချီကားနှင့် ခုလို ဓာတ်ပုံတွေ ရိုက်လို့ရတယ်။
ပန်းချီတွေကို နံရံပေါ်မှာကို ရေးဆွဲထားတာ။ ပန်းချီကားချပ်တိုင်းက တရုတ်ရိုးရာ အငွေ့အသက်တွေကို ခံစားရစေတယ်။
သစ်ကိုထွင်းထားတဲ့ ပန်းလက်ရာတွေက အနုစိတ်နှင့် အံ့မခမ်း မြတ်နိုးဖွယ်ကောင်းလှတယ်။
အိမ်မကြီးဘေးရှိ အဆောင်တစ်ခု
အိမ်ရှေ့ခပ်လှမ်းလှမ်းရှိ ခြံဝန်းထဲမှ ရေကန်ငယ်
ရေကန်ဘက်သို့ ဆင်းရသည့် အုတ်လှေကားထစ်များ

၂၀၁၅ခုမှာ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီး ပုဂ္ဂလိကငှားရမ်းခြင်းမျိုးကို တားမြစ်ထားပါတယ်။ ခုအချိန်မှာတော့ နှစ်၁၀၀ သက်တမ်းကျော်နေပြီ ဖြစ်သလို အနုပညာသင်တန်းကျောင်းအဖြစ် ဖွင့်လှစ်ထားတာကို တွေ့ရပါလိမ့်မယ်။

လင်ချင်းချောင်း (Lim Chin Tsong) နေထိုင်ခဲ့စဉ်ကလို ကြမ်းခင်းတွေဟာ ပြောင်လက်မနေတော့ဘူး။ ကြွေထည်ပစ္စည်းအမျိုးမျိုးဆိုတာလည်း ရှိမနေတော့ဘူး။ ဆေးသားအရောင်တွေလည်း မစိုပြေတော့ဘူး။ နံရံမှရေးဆွဲထားတဲ့ ပန်းချီလက်ရာများမှတပါး ပန်းချီကားတွေ များများစားစား မရှိတော့ဘူး။ ဒါပေမယ့် ထုထည်အခိုင်အမာနှင့် ခမ်းနားမှုမျိုး၊ ကနုတ်ပန်းလက်ရာတွေနှင့် ဆန်းပြားမှုမျိုး၊ တသသဖြစ်ဖွယ် အရိပ်အငွေ့မျိုးကတော့ ကျန်နေပါသေးသည်။

သွားရောက်လေ့လာချင်တယ်ဆိုရင်...

✔️ အစိုးရ ရုံးဖွင့်ရက်

✔️ ဒူးဖုံးပြီး လုံခြုံသော ဝတ်ဆင်မှု

✔️ အနုပညာသင်တန်းကျောင်း ဖြစ်သဖြင့် တိတ်တဆိတ် လေ့လာရန်

✔️ ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သဖြင့် စာသားရေးခြစ်မှုမျိုးကို လုံးဝ လုံးဝ မပြုလုပ်ကြရန်

✔️ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းမျိုး အထူးရှောင်ရှားရန်

တိုက်တွန်းရင်း တော်သေးပြီ။

လင်ချင်းချောင်း (Lim Chin Tsong)

မွေးရက် - 28 Oct, 1867 (Myanmar)

သေဆုံးရက် - 02 Nov, 1923 (Myanmar)

Ref: Lords of Sunset - Maurice Collis, Lim Chin Tsong - The Bull Wheel Magazine

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံအားလည်းကောင်၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.