History

Without history, there would be no future.

လှရက်လွန်းပါသော ရန်ကုန်မြို့ထဲက စိန်မေရီ ကာသီဒြယ် Church

မနေ့ကပေါ့… ဗိုလ်ချုပ်လမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့် ရောက်တော့ စိန်မေရီ Church ကျောင်းရဲ့ ဝန်းတံခါး ဖွင့်ထားတာ ရိပ်ခနဲ လှမ်းမြင်လိုက်တယ်။ အဲ့ဒါနဲ့ သူငယ်ချင်းကို ကားရပ်ခိုင်းပြီး ဝန်းထဲ ဝင်ပလိုက်တော့တာပဲ။ ရိုးရိုးသားသား ဝန်ခံရရင် Church ကျောင်းကြီးက လှလွန်းလို့ ဓာတ်ပုံဝင်ရိုက်ချင်မိတာ။ သမိုင်းကြောင်းနောက်ခံတွေ ဘာတွေ မလေ့ထားမိဘူးရယ်။

Church ကျောင်းအပြင်ဘက်မှာ လှည့်ပတ်ဓာတ်ပုံရိုက်ပြီးတော့ ကျောင်းကြီးထဲ ဝင်စူးစမ်းမိတယ်။ အထဲရောက်တော့ ရုတ်တရတ် စကားတောင် မပြောနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ လှချက်များ ဆိုတာလေ… တကယ်ပါ။ ကိုယ်တိုင် သွားကြည့်စေချင်မိတာ။ အထူးသဖြင့် ပြတင်းပေါက်မှန်တံခါးတွေပေါ့။ ဗိသုကာလက်ရာတွေနဲ့ ပတ်သတ်ပြီး သည့်ထပ်အများကြီး ညွှန်းပြချင်ပေမယ့် ဘာသာခြားတစ်ယောက်အနေနဲ့ မှားပြောမိမှာလည်း စိုးရိမ်မိတယ်။

သည်ကျောင်းတော်ကြီးကို Bishop Cardot လက်ထက် ၁၈၉၅ခု ဇွန်လမှာ စတင်ပြီး အုတ်မြစ်ချခဲ့တာပါတဲ့။ ၁၈၉၈ခု နိုဝင်ဘာလမှာ ပြင်သစ်ဗိသုကာပညာရှင် Rev. Fr. Janzen ကို ဖိတ်ခေါ်ပြီး လူ ၁၅၀၀ ဝင်ဆန့်တဲ့ Church ကျောင်းကြီးကို ဆောက်လုပ်စေခဲ့တယ်။ ၁၉၀၇ခု သြဂုတ်လ ၁၁ရက်မှာ အခန့်မသင့်စွာဘဲ Fr. Janzan ဟာ ဆောက်လုပ်ရေးလုပ်နေစဉ်အတွင်း အမြင့်မှ ပြုတ်ကျကာ တင်ပဆုံရိုး ထိခိုက်သွားတယ်။ ထိုဒဏ်ရာကြောင့်ပဲ သူဟာ ဒုက္ခိတဘဝ ရောက်ခဲ့ရရှာတယ်။ ဒါပေမယ့် Fr. Janzan ဟာ သူ့ရဲ့အလုပ်တာဝန်ကို အပြီးသတ်သည်အထိ ညွှန်ကြားကြီးကြပ်ပေးခဲ့ပါတယ်။ တရုတ်လူမျိုး အင်ဂျင်နီယာပညာရှင် Ah Yen Ah Yen ရဲ့ အကူအညီနဲ့ပေါ့။

ကျောင်းတော်ကြီးကို ၁၉၀၉ခု နိုဝင်ဘာလ ၂၁ရက်နေ့မှာ ကောင်းချီးပေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ မယ်တော်သခင်မဘုရားရှိခိုးကျောင်း ဘွဲ့တော်ခံယူလျက် ဘုရားသခင်အား အပ်နှံပူဇော်ပါတယ်တဲ့။ Fr. Janzen ကတော့ ၁၉၁၁ခု သြဂုတ်လ ၁ရက်နေ့မှာ ကွယ်လွန်ခဲ့ရှာတယ်။ သူ့ကို ကျောင်းတော်အတွင်း၏ အဝင်ဝနားလေးမှာ မြှပ်နှံဂုဏ်ပြုပေးထားတယ်။ ပျက်စီးမှု အနေနဲ့ ၁၉၃၀ခု မေလ ၅ရက်နေ့မှာ ငလျင်ဒဏ်ကြောင့် တစ်ကြိမ်၊ ၁၉၄၄ခု ဒီဇင်ဘာလ ၁၄ရက်နေ့မှာ မဟာမိတ်ဗုံးဒဏ်ကြောင့်တစ်ကြိမ် ပျက်စီးမှုတွေ ရှိခဲ့ဖူးတယ်။ အပျက်အစီးတွေကို ပြန်လည်ပြုပြင်မွမ်းမံထားတာမို့ ခုချိန်သွားကြည့်မယ်ဆိုရင် လှလှပပထည်ထည်ဝါဝါနဲ့ ရှိနေမှာပါလို့ ဗဟုသုတ မျှဝေရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံအားလည်းကောင်၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.