History

Without history, there would be no future.

ဗိုလ်ချုပ်နောက်ကွယ်မှ ထက်မြက်သော မိန်းမသား ဒေါ်ခင်ကြည်

“ရှင့်ယောကျာ်း ကျွန်မယောကျာ်းကို လုပ်ကြံလို့ ကျွန်မ မုဆိုးမဘဝ ရောက်ခဲ့ရပြီ။ ရှင်လည်း မကြာမီ မုဆိုးမဖြစ်တော့မယ်။ မုဆိုးမဘဝတူချင်းမို့ သည်ငွေတွေကို မယူပါရစေနဲ့။ ဦးစောအတွက် ဘဝကူး ကောင်းအောင်သာ ကုသိုလ်ဒါန လုပ်ပေးလိုက်ပါ။”

အထက်ပါစကားကို ဒေါ်ခင်ကြည်တစ်ယောက် ကြေမွနေသော နှလုံးသားတစ်စုံကို ထိန်းချုပ်ပြီး တည်ငြိမ်သောအသံဖြင့် ဒေါ်သန်းအေးအား ပြောလိုက်သည်။ စာနာစိတ်တစ်ခုတည်းနှင့်သာ ပြောလိုက်ရသည်။ သူမကိုယ်တိုင်လည်း လူလားမမြောက်သေးသော ကလေးငယ်သုံးဦးနှင့် ရှေ့ဆက်ရမည့် ခရီးလမ်းအတွက် မာန်တင်းထားရသည်။

ခြံပြင်သို့ ထွက်သွားသော ဒေါ်သန်းအေး၏ ခပ်ကျုံ့ကျုံ့ကျောပြင်ကို တွေတွေငေးရင်း စိတ်အစဉ်မှာ ရှုပ်ထွေးနောက်ကျိလှသည်။ သူ့ယောကျာ်း၏ နောက်ဆုံးဆန္ဒကို ဖြည့်စည်းဖို့ သူပိုင်လက်ဝတ်ရတနာတွေ ထုခွဲရောင်းချပြီး အသက်လျော်ကြေး ပေးဖို့လာတဲ့သူ။ အာဇာနည်ကိုးဦး၏ အသက်ကို နှုတ်ယူပြီးမှ ဦးစောတစ်ယောက် ကြိုးပေးရက်ကို စောင့်နေရင်း နောင်တရနေပြီတဲ့လား။ မကြာသောကာလမှာ မိမိလိုပင် မုဆိုးမဘဝရောက်လာအုံးမည့် ဒေါ်သန်းအေးကို ထူးပြီး အပစ်တင်မနေချင်တော့။

အိမ်ဦးသခင်ချစ်လင်၏ အရိပ်အငွေ့များက စိတ်အာရုံထဲဝယ် ရုပ်ရှင်အပိုင်းအစလေးများလို တစ်ကွက်ပြီးတစ်ကွက် ပေါ်လာသည်။ အစွမ်းအစသာ ရှိနေမည်ဆိုလျင် ထိုအပိုင်းအစများထဲမှ နောက်ဆုံးအပိုင်းကို ဖြတ်ထုတ်လိုက်ချင်သည်။

ဆေးရုံသံကုတင်ပေါ်ဝယ် သွေးအလူးလူးဖြင့် ငြိမ်သက်နေသော သူ၏ ရုပ်ခန္ဓာကို မမြင်ရက်ပါဘဲ ပြန်မြင်ယောင်လာသည်။ သူ၏ ဒဏ်ရာမှ ထွက်လာသော သွေးခဲသွေးပွက်များကို မိမိကိုယ်တိုင် ဂွမ်းစများဖြင့် သုတ်သင်ရင်း ခံစားမိသည့် ကိုယ်ငွေ့ခပ်နွေးနွေးကိုလည်း မှတ်မိနေပါသေးသည်။ နှလုံးသားကို အညှာမှာဆွဲညစ်ကာ ကျပ်ကင်ထားသလား မှတ်ထင်ရအာင် ရင်ထဲမှာ တင်းကြပ်ပူလောင်လှသည်။ သောကဝေဒနာတို့၏ ဇစ်မြစ်အစဖြစ်သော ဇူလိုင် ၁၉၊ ၁၉၄၇ခု ကို မိမိ ဘယ်သောအခါမှ မေ့ပျောက်နိုင်တော့မည် မဟုတ်ပါ။

မိမိ၏ ချစ်လင်မှာ တိုင်းပြည်အတွက်ကော၊ မိသားစုအတွက်ပါ စိတ်ချသွားပုံ မရချေ။ ဇကာပေါက်လိုဖြစ်နေသော သေနတ်ဒဏ်ရာများကို အံတုကာ ချက်ခြင်းမသေနိုင်ခဲ့ဘူးဟု ပြန်သိရတော့ ရင်ထဲမှာ မချိလှ။ မြန်မာ့အလံကို တိုင်မှာထူပြီး တလူလူလွှင့်ကာ လွတ်လပ်ရေးကြေငြာမည့်နေ့ကိုတောင် သူမြင်နိုင်တော့မည် မဟုတ်ပါ။ ဘဝတစ်ခုလုံး တိုင်းပြည်အတွက် ပေးဆပ်ပြီး နောက်ဆုံးပန်းတိုင်ကို လှမ်းမြင်လုလုအချိန်မှာမှ လုပ်ကြံခံလိုက်ရသော သူ့အဖြစ်ကို စဉ်းစားမိလိုက်တိုင်း ကြီးစွာ ကရုဏာသက်ရသည်။ ကိုအောင်ဆန်းဝိဥာဏ်သာ အနားမှာရှိနေရင် နောက်ဆံငင်မည် စိုး၍သာ မိမိ၏ အပူရုပ်ကို ထင်ထင်ပေါ်ပေါ် မပြဝံ့ချေ။ အနည်းဆုံးတော့ မိသားစုကို သူစိတ်ချသွားစေချင်သည်။

မလွဲမရှောင်သာသော လောကဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရန် ကြီးစွာကျေးဇူးပြုသည်မှာ အဘတို့ပင်။ မြောင်းမြသူဖြစ်သည့် မိမိကို အဘဦးမိုးညှင်းနှင့် အမိဒေါ်ဖွားစုတို့က ပညာအမွေ ဖူဖူလုံလုံ ပံ့ပိုးပေးခဲ့သည် မဟုတ်လား။ ထိုပညာအမွေ လက်မှတ်များဖြင့်ပင် မိမိမှာ မူလတန်းဆရာမလည်း လုပ်ခဲ့ဖူးသည်။

ဝါသနာနှင့် မညီသဖြင့် ငြီးငွေ့လာသည်ဖြစ်ရာ ရန်ကုန်သို့တက်ပြီး သူနာပြုသင်တန်းအောင်လက်မှတ်ကို အရယူခဲ့သည်။ ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ရင်း သေခြင်းတရားကို အဖန်ဖန် မျက်မြင်တွေ့ခဲ့ဖူးပြီးပြီ။ ထိုအတွေ့အကြုံတွေကြောင့်များ မိမိ ယခုလို ဖြေသာနိုင်ခဲ့သည်များလား။

ရန်ကုန်ဆေးရုံကြီးအကြောင်း တွေးမိကာမှ မိမိနှင့် ကိုအောင်ဆန်း တွေ့ပုံကို ပန်ပြောင်းအမှတ်ရပြီး ပြုံးမိသည်။ ထူးမခြားနားသော တစ်ရက်မှာ ဗိုလ်ချုပ်ကို ငှက်ဖျားရောဂါသည် လူနာတစ်ဦးအဖြစ် စောင့်ရှောက်ပေးရန် အထက်က တာဝန်ပေးအပ်တာကို ယူခဲ့ရသည်။ အသက်နှစ်ဆယ်ကျော် ဗိုလ်ချုပ်ကို တွေ့စက ပြောရဆိုရ လက်ပေါက်ကပ်လှသည်။ ရင်းနှီးလာကာမှ ရိုးရိုးရှင်းရှင်း လူအေးကြီးအဖြစ် ခင်မင်ရသလို၊ တိုင်းပြည်အတွက် အသက်ပေးထားသူအဖြစ် လေးစားရပြန်သည်။ သည်လိုနှင့် မေတ္တာအသွားအပြန် ညီမျှကြပြီး စက်တင်ဘာလ ၆ရက်၊ ၁၉၄၂ခုမှာ ရန်ကုန်ဆေးရုံကြီးတွင်ပင် လက်ထက်မင်္ဂလာပွဲ ကျင်းပခဲ့ကြတာပင်။

နံနက်စာအဖြစ် ပဲပြုတ်နှင့်နံပြားကို နှစ်နှစ်ခြိုက်ခြိုက် စားတတ်သူ၊ မအားမလပ်အောင် အလုပ်ရှုပ်နေလင့်ကစား နေ့လည်ထမင်းစာချိန်ဆို အိမ်သို့ပြန်လာပြီး မိမိလက်ရာကို အားပါးတရ စားပေးတတ်သူ… သူ့အား နင့်နင့်သီးသီး လွမ်းဆွတ်မိပါသည်။

အကုသိုလ်ကံများ လာရင်ဖြင့် အဖော်နှင့်အပေါင်းနှင့် လို့သာ ဆိုရတော့မည်။ သားအလတ် အောင်ဆန်းလင်းတစ်ယောက် ဇန်နဝါရီလ ၁၆ရက်၊ ၁၉၅၃ခုတွင် သူ့အဖေနောက်သို့ ခြံဝန်းထဲက ရေကန်လေးမှတဆင့် ကောက်ကောက်ပါအောင် လိုက်သွားချေပြီ။ တစ်ပူပေါ် နှစ်ပူဆင့်ရပါသော်လည်း သောကကို ဟန်လုပ်ကာ မောင်းတင်ရပြန်သည်။ အမိတာဝန်ကော၊ အဖတာဝန်ပါ ညီမျှအောင် ယူပြီး စောင့်ရှောက်ရအုံးမည့် သားကြီးနှင့် သမီးငယ် ကျန်နေသေးသည် မဟုတ်လား။

မေလ ၁၉ရက်၊ ၁၉၆၀ခု ဦးနုအစိုးရလက်ထက်မှာတော့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် နယ်ခြားမြေခြားသို့ တာဝန်နှင့် သွားခဲ့ရပြန်ပြီ။ မြန်မာသံအရာရှိ မှတ်တမ်းတလျှောက်မှာ အမျိုးသမီး သံအမတ်ဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဘူးလေသည့်အတွက် ဂုဏ်ယူနေရမည်လား၊ ချစ်ခင်ပွန်းနှင့် သားအောင်ဆန်းလင်းလေး ဦးချခဲ့ရာမြေကိုပဲ လွမ်းဆွတ်နေရမည်လား မဝေခွဲတတ်တော့ပေ။ နယူးဒေလီမှ သံရုံးတွင် ခုနှစ်နှစ်မျှ တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ခု ဇွန်လမှာတော့ အနားယူဖြစ်သည်။

ပြည်တော်ပြန်ရောက်တော့ တက္ကရိပ်သာလမ်းမှာ နေထိုင်ခွင့်ရတယ်။ မထင်မရှားဘဝနှင့် နေလာလိုက်တာ အခုအသက်အရွယ်မှာဖြင့် ဘွားဘွားဒေါ်ခင်ကြည်တောင် ဖြစ်လို့နေပါပြီ။ ယခင်လို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့။

ဒီဇင်ဘာလ ၂၇ရက်၊ ၁၉၈၈ခု။ ။ မိမိစောင့်မျှော်နေသည့် နေ့ကလေးသို့ ရောက်ပါပြီ။ ခင်ပွန်းတစ်ယောက်အဖြစ် ချစ်ရပြီး၊ ဗိုလ်ချုပ်တစ်ယောက်အဖြစ် လေးစားရပါသော ဗိုလ်ချုပ် ကိုအောင်ဆန်းနှင့် ခင် ခုတော့ အတူတကွ ဆုံရပါတော့မည်။

--- နိဂုံး ---

ဒေါ်ခင်ကြည်၏ ကြွင်းကျန်ရစ်သော ရုပ်ခန္ဓာကို ရွှေတိဂုံဘုရား တောင်ဘက်မုခ်ရှိ မိဖုရားကြီးစုဖုရားလတ်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန် နှစ်ခုအကြားမှာ ဇန်နဝါရီလ ၂ရက်၊ ၁၉၈၉ခုမှာ ဂူသွင်းသဂြိုလ်ထားပါတယ်။ မိဖုရားကြီးစုဖုရားလတ် ဂူပြသာဒ်၏ အခြားတစ်ဖက်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့သော ဦးသန့်၏ ဂူဗိမ္မာန် ရှိပါကြောင်း ဗဟုသုတ မျှဝေရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံအားလည်းကောင်၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.