Food & Drink

Food is precious, don't waste...

ကြာဇံချက်နှင့် ရှောက်သီးသုတ်

သည်နေ့ မေမေက အိမ်မှာ ကြာဇံချက်နဲ့ ရှောက်သီးသုတ် လုပ်ကျွေးတယ်။ မေမေလုပ်ကျွေးတဲ့ မုန့်တွေဆိုရင် ဓာတ်ပုံရိုက်ပြီး သိမ်းထားတတ်တဲ့အကျင့် ကိုယ့်မှာရှိတယ်။ သည်တစ်ခါတော့ ဓာတ်ပုံလေးအတိုင်းပဲ ထားရမှာ နှမြောတာနဲ့ မေမေ့ကို ချက်နည်းမေးပြီး ခုလိုရေးဖြစ်သွားတယ်။

လိုအပ်သည့်အမည်များ (လူအနည်းအများပေါ် မူတည်ပြီး အတိုးအလျော့ လုပ်နိုင်ပါတယ်။)

- ပဲကြာဇံ ၁၀ကျပ်သား (ယိုးဒယားပဲကြာဇံက ပိုနူးညံ့တယ်။)

- ကြက်သားနဲ့ ကြက်ရိုး ၃၀ကျပ်သား (မြန်မာကြက်ဆိုရင် ဟင်းရည်မှာ အဆီသိပ်မဝေ့တော့ဘူးပေါ့။)

- ငါးဖယ် ၁၀ကျပ်သား

- ငုံးဥ

- ကြွက်နားရွက်မှို

- ရှိတာကဲမှို ၃ပွင့် (မထည့်လည်းရတယ်။ တချို့က အဲ့မှို အနံ့သိပ်မကြိုက်ကြဘူး။)

- အသားတု

- မြန်မာနံနံပင်

- ငရုတ်ကောင်း

- ဂျင်း

--------------------------

- ရှောက်သီးအစိမ်း ၁လုံး (အမှည့်ဆိုရင် သုတ်လို့မကောင်းသလို ချဉ်စုတ်နေလိမ့်မယ်။)

- ပုစွန်အချိုခြောက် (မထောင်းချင်ရင်တော့ ပုစွန်အမှုန့် သုံးလို့ရပါတယ်။)

- ပဲအကျက်မှုန့်

- ကြက်သွန်နီ

- ကြက်သွန်ဖြူ

- ငရုတ်သီးစိမ်းတောင့်

- မြေပဲလှော်

ပဲကြာဇံ၊ ကြွက်နားရွက်မှို၊ ရှိတာကဲမှို၊ အသားတု စတာတွေကို သတ်သတ်စီ ရေစိမ်ထားပါ။ ရေနွေးအိုးသယ်ထားတာ ရေဆူလာပြီဆိုရင် လက်နှစ်ဆစ်စာ တုံးထားတဲ့ ကြက်သားနဲ့ ကြက်ရိုး ထည့်ပြုတ်ပါ။ ငရုတ်ကောင်းကို ညက်နေအောင် အရင်ထောင်းပြီး ကြက်သွန်ဖြူကို မညက်တညက် ထည့်ထောင်းပါ။ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်း အရောကို ကြက်ပြုတ်အိုးထဲ ထည့်လိုက်ပါ။ ဆားကို သင့်ရုံမြည်းစမ်းပြီး ထည့်ပါ။

ကြက်ပြုတ်နေတုန်းမှာ ဂျင်း၊ ကြက်သွန်ဖြူ ကို ညက်နေအောင်ထောင်းပြီး ငါးဖယ်နဲ့ စီးနေအောင် နယ်လိုက်ရိုက်လိုက် လုပ်ပေးပါ။ အချို့ကတော့ ငါးဖယ်ကို စီးနေအောင် ငရုတ်စုံထဲ ထည့်ထောင်းကြတယ်။ ငါးဖယ်ကို ရေစပ်စပ်နဲ့ အပြားထူထူအချပ်လိုက်ကြီးပုံစုံ မီးအနေတော်လောက်နဲ့ နှပ်ထားပါ။ ခဏလေးဆို ကျက်ပါတယ်။ ငါးဖယ်ချပ်ပြားကြီးကို အတုံးလေးတွေ တုံးပြီး ကြက်ပြုတ်ရည်ထဲ ထည့်လိုက်နိုင်ပါပြီ။

ကြက်သားအနည်းငယ် နူးစပြုလာတာနဲ့ ကြွက်နားရွက်မှို၊ ရှိတာကဲမှို ဆက်ထည့်ပါ။ ၅မိနစ်လောက်နေရင် အသားတုပါထည့်လိုက်ပါ။ အသားတွေ မှိုတွေ ကျက်သလောက် ရှိပြီဆိုရင် ရေစိမ်ထားတဲ့ ပဲကြာဇံကို ဆက်ထည့်ပါ။ ငရုတ်ကောင်းကို ညက်နေအောင်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ဖြူးပါ။ အိမ်မှာတော့ အချိုမှုန့် မသုံးဖြစ်ဘူး။ ကြက်ရိုး၊ ငါးဖယ်နဲ့ ရှိတာကဲမှိုက ဟင်းရည်ကို ချိုနေမှာဆိုတော့ အချိုမှုန့်လည်း မလိုတော့ပါဘူးလေ။ ကြာဇံချက်ကျက်ပြီဆိုရင် ငုံးဥတွေကို နောက်တစ်အိုးနဲ့ ပြုတ်ထားလိုက်ပေါ့။

ငုံးဥပြုတ်ရပြီဆိုရင် ကြာဇံချက်ထဲကို မြန်မာနံနံပင်၊ ငုံးဥပြုတ်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီစိမ်း၊ ငရုတ်သီးစိမ်းတောင့် (သို့) ငရုတ်သီးအကျက်မှုန့် ထည့်စားနိုင်ပါပြီ။ ရှောက်သီးသုတ်နဲ့ တွဲစားမှာဆိုတော့ အချဉ်ညစ်ထည့်စရာ မလိုတော့ပါဘူးလေ။

ရှောက်သီးအစိမ်းကို အမွှာလေးတွေ နွှင်၊ ပုစွန်အချိုခြောက်ကို ညက်နေအောင်ထောင်း၊ မြေပဲလှော်ကို မညက်တညက်ထောင်း၊ ကြက်သွန်နီကို ပါးပါးလှီး၊ ပဲမှုန့်ကို လိုသလိုထည့်၊ ဆား (သို့) ငံပြာရည် (သို့) ငါးပိစိမ်းစားမီးဖုတ် တို့နဲ့ ရောပြီး သမအောင် နယ်ဖတ်လိုက်ပါ။ ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးပြီး ဘေးမှာ ပုံထားပေါ့။ ပုစွန်ခြောက်ကိုတော့ မေမေက အိမ်မှာ ကိုယ့်ဘာသာ လုပ်ပြီး သုံးတယ်။

Chan Myae Ei
#travellerchan

Copyright © 2020 Traveller Chan. All Rights Reserved.