Article

ခရီးသွားဆောင်းပါးအလွဲများ

ပုပ္ပါးကမျောက်များနှင့် တိုင်ပတ်ခဲ့သမျှ - ခရီးသွား အလွဲများ (၂)

ခပ်သေးသေး ကျောပိုးအိတ်ကိုလွယ်၊ လှေကားထစ်တွေအတိုင်း စတက်လိုက်တယ်ဆိုရင်ပဲ ကိုယ့်ရှေ့ကို ဟချလောင်းဆိုပြီး ကလေးမလေးတစ်ယောက် ပေါ်လာတယ်။

အကဲခတ်လိုက်တော့ သူ့လက်ထဲမှာ အင်တာနေရှယ်နယ်ဆိုဒ် မော်ဒယ်မလေးတစ်ယောက်ရဲ့ လက်ညှိုးတစ်ချောင်းစာပဲရှိတဲ့ စက္ကူကတော့လေးတွေ။ "မျောက်စာကျွေးလို့ရတယ် မမ" ဆိုပြီး ကလေးမက အသံစူးစူးလေးနဲ့ ပြောလာတယ်။ ခပ်ဝေးဝေးက မျောက် ၃၊ ၄ကောင်လောက်က ကိုယ်နဲ့ကလေးမ အရောင်းအဝယ် တည့်မတည့် အကဲခပ်နေပြီ။

မျောက်ရည်လည်နေပြီဖြစ်တဲ့ မျောက်ပေါက်စတစ်ကောင်က မကြာခင်စားရတော့မယ် ဆိုတဲ့အထာနဲ့ ကိုယ့်ဘေးနားကို ကွတကွတနဲ့ လျှောက်လာတယ်။ "ဟယ်ချစ်စရာလေး..." ဆိုပြီး လက်လှမ်းလိုက်တယ်ဆိုရင်ပဲ အနှီပေါက်စနလေးက အစွယ်ဖြဲပြီး လက်ကို ကိုက်ပါလေရော့လား။ သူ့လက်သေးသေးလေး နှစ်ဖက်နဲ့ လက်ကိုမလွှတ်တမ်းဖက်ပြီး လက်ဖျံကို ကိုက်လိုက်ပုံများ အိမ်ကကြောင် ကြက်ရိုးကိုက်နေသလား မှတ်ရတယ်။ ကိုယ်တော်ချောက သွေးစို့ရုံတစ်ချက်ကိုက်ပြီး ဆင်းသွားလို့ တော်သေးတယ်။ သူ့ပြန်လုပ်မှာလဲ ကြောက်ပုံမရဘူး။ အနားမှာ ခပ်ချေချေပဲ ဆက်ထိုင်နေလေရဲ့။ သူ့အမျိုးတွေက အင်အားတောင့်တယ်ဆိုပြီး လူကို မခန့်တာ။ ကိုယ့်မှာလဲ မျောက်တစ်အုပ်နဲ့ ကိုယ်တစ်ယောက်တည်းမို့လို့ ဇက်ပုနေရရှာတယ်။

လက်နာနေရတဲ့ကြားထဲ အလိုက်မသိတဲ့ ကလေးမက "အာ့ကိုက်တာ မဟုတ်ဘူး။ အမကိုချစ်လို့ ကျီစယ်ပြီး မျောက်စာတောင်းနေတာ။" တဲ့ "လခွမ်း"။ ကိုယ့်မလဲ မျောက်ပေါက်ကော၊ ကလေးမကိုပါ စိတ်နာနာနဲ့ လှေကားထစ်တွေအတိုင်း ခပ်ပြင်းပြင်းဖိတက်လာလိုက်တာ တစ်လမ်းလုံး ဘယ်မျောက်ကိုမှ ယောင်လို့တောင် လှည့်မကြည့်တော့ဘူး။

တောင်ပေါ်ရောက်တော့ ရှုခင်းတွေ ဓာတ်ပုံရိုက်နေတုန်း မျောက်ငယ်တစ်ကောင် အနားကို အသံတိတ်ကပ်လာပြန်တယ်။ အမယ် သူက မျက်နှာကြောကိုလျှော့၊ လက်လေးဆန့်ပြီး အစာတောင်းနေပုံများ ကိုယ့်နှလုံးသားတွေတောင် အရည်ပျော်သွားတယ်။ မျက်လုံးလေးက အရည်တောင်လဲ့နေသေး။ ကျောပိုးအိတ်ဖွင့်ရှာတော့ စားစရာဆိုလို့ သကြားလုံးတောင် မပါလာဘူး။ ကိုယ်လဲ ကျောပိုးအိတ်ပြန်ပိတ်ပြီး စိတ်မကောင်းစွာနဲ့ ခေါင်းခါပြရုံပဲ တတ်နိုင်တော့တယ်။ သူလဲ သဘောပေါက်သွားပုံ ရပါတယ်။ ကိုယ့်ဘေးကနေခွါ ဓမ္မာရုံခေါင်းမိုးပေါ် လွှားခနဲ တွယ်တက်သွားတာများ ဆယ်စက္ကန့်လောက်ပဲ ကြာမယ်။ ခေါင်းမိုးပေါ် ကျကျနနထိုင် သူဖွက်ထားပုံရတဲ့ ဘီစကစ်မုန်ထုပ်ကိုဖွင့်၊ အရသာခံစားပြလိုက်၊ ကျုပ်ကိုတစ်ချက် လှမ်းကြည့်လိုက်နဲ့။ လုပ်ပုံကိုက... ကိုယ့်မှာ အောင့်သက်သက်နဲ့။

အကြောမခံတတ်တဲ့ ဗီဇကလဲရှိတော့ ခပ်သွက်သွက် တောင်အောက်ကိုဆင်း၊ ရန်ကုန်က သယ်လာတဲ့ ပန်းသီး၅လုံး ယူပြီး တောင်ပေါ်ပြန်တက်လာမိတယ်။ ရူးမိုက်ပုံများ ပြောပါတယ်။ မျောက်နဲ့ရန်ဖြစ်နေတဲ့ ကိုယ်လည်း မျောက်လုံးလုံးကို ဖြစ်ရောပဲ။ သုံးချိုးနှစ်ချိုးရောက်တော့ လူကမောပြီး ထပ်မတက်နိုင်တော့ဘူး။ အနားမှာရှိတဲ့ မျောက်တစ်ကောင်ကိုပဲ ပန်းသီးတစ်လုံး လှမ်းပစ်ပေလိုက်ရော နောက်ထပ်မျောက်တွေ ဘယ်ကပေါ်လာမှန်း မသိဘူး။ သူတို့ထဲက မျောက်ထီးတစ်ကောင်က အထွှားဆုံးပဲ။ သူ ခွီးခနဲ လုပ်ရင် အခြားမျောက်တွေက ရှဲခနဲပဲ။ ကြည့်ရတာ အုပ်စုခေါင်းဆောင် ဖြစ်ပုံရတယ်။

မျောက်အုပ်နဲ့ကိုယ်လည်း အစာကျွေးရင်း ရင်းနှီးစပြုလာနေပြီ။ နောက်ဆုံးပန်းသီးပဲ ကျန်တဲ့အချိန် သည်အတိုင်း ပစ်မကျွေးဘဲ ရှည်ပြီး တစ်ကိုက်စီ ကိုက်ပြီး လှမ်းပစ်ကျွေးမိတယ်။ ပန်းသီး၃ချိုး၂ချိုးလောက်ကုန်တော့ ခေါင်းဆောင်မျောက်က သူ့ကို တို့စိတို့စိ ကျွေးရပါ့မလား ဆိုပြီး ကျုပ်ခေါင်းပေါ် ဇွပ်ခနဲ ခုန်တက်၊ ဆံပင်ကို လက်နှစ်ဖက်နဲ့ စောင့်ဆွဲ သွားနဲ့ကိုက်ပြီး ခုန်ဆင်းသွားတယ်။ ဝရုန်းသုံးကားနဲ့ လက်ထဲက ပန်းသီး အောက်လဲကျရော ဒင်းက ကောက်ပြီး ထွက်သွားတယ်။ ကိုယ့်မှာ အူကြောင်ကြောင်ဖြစ်ပြီး ကားပေါ်ကို ဘယ်လိုပြန်ရောက်သွားမှန်းတောင် မသိလိုက်ဘူး။ ဆံပင်စုတ်ဖွား၊ ကြောင်တောင်တောင်မျက်လုံးတွေနဲ့ ကားပေါ်တက်လာတဲ့ ကိုယ့်ကို အမေက ဘယ်နှယ့်ဖြစ်လာတာလဲ မေးမှ တအီးအီး ငိုပြီး မျောက်ကိုက်တာလို့ ပြောပြရတယ်။ ခေါင်းလဲ နည်းနည်းပေါက်ပြီး သွေးထွက်လာတယ်။ နောက်ဆက်တွဲ ကာကွယ်ဆေး ထိုးလိုက်ရတယ်။ နောက်များ မျောက်ဆိုရင် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင် ပြီလေ။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.