ရန်ကုန်မှာတော့ သီတင်းကျွတ်နဲ့ ရေကျော်ပွဲဈေး ဆိုတာ ခွဲမရပါဘူးနော် … နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရေကျော်ပွဲဈေးကို လက်ရှိ ၂၀၂၀ခု မှာတော့ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် မကျင်းပနိုင်တော့ပါဘူး။ ဒါပေမယ့် ချမ်းတို့တွေ ရေကျော်ပွဲဈေး အလွမ်းပြေ ဓာတ်ပုံတွေ ကြည့်ပြီး ပွဲဈေးသမိုင်းကြောင်းလေးတွေ ပြောကြမယ်လေ …
ရေကျော်ပွဲဈေးကို ၁၉၄၇ခု မှာ ပုစွန်တောင်မြို့နယ်၊ အမှတ် (၈)ရက်ကွက် အတွင်း နေထိုင်ကြတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားများဖြင့် စတင်ကျင်းပခဲ့ပါတယ်။ အဲ့သည့်အချိန်တုန်းက တဲလေးတွေထိုး၊ ဝန်ကြီး၊ မှူးမတ်၊ ပုဏ္ဏား စတဲ့ နန်းတွင်းအဝတ်အစားတွေ ဆင်မြန်းပြီး တဲထဲမှာ ဆီမီးတိုင်တွေကိုင်ကာ မလှုပ်မယှက် ကျောက်ရုပ်အဖြစ် ရပ်ကြတာတဲ့။ (၁)နာရီ ကြာပြီးရင်တော့ (၁)ကြိမ် လူစားထိုး လဲကြတယ်။ ရွှတ်နောက်နောက် ကလေးတွေက ဆီးမီးတိုင် ကိုင်ထားတဲ့ လူကြီးတွေကို ကလိထိုး၊ တုတ်နဲ့တို့ပြီး စနောက်ကြတာ။ ကျောက်ရုပ်အဖြစ် ရပ်နေတဲ့ လူတွေက မရယ်မပြုံးဘဲ ရုပ်သေရုပ်အလား ရပ်မြဲရပ်ကြတယ်တဲ့။ နောက်ပိုင်းမှာ ရေကျော်ပွဲဈေးကို အခြားရပ်ကွက်တွေကပါ ပူးပေါင်းပါဝင်လာကြတယ်။ ရုပ်သေရုပ်တွေအစား ဇာတ်ကြီးဆယ်ဘွဲ့ပြဇာတ်၊ တေးသရုပ်ဖော်အက၊ နှစ်ကိုယ့်တစ်စိတ်အက စသည်ဖြင့် ပြောင်းလဲလာတယ်။ နောက်တော့ ခေတ်ရေစီးကြောင်း နှင့်အတူ ခေတ်ပေါ်သီချင်းတွေ ဖွင့်လာကြတယ်။










ပွဲဈေးမှာ မြန်မာ့ရိုးရာ အစားအစာ အစုံအလင်ကို တစ်စုတဝေးတည်း မြည်းစမ်းနိုင်တယ်။ တရုတ်အစားအစာ၊ ယိုးဒယားအစားအစာတွေလည်း ရောင်းချကြတယ်။ ကလေးတွေကတော့ အိုးပုပ်ဂျိုးရုပ်ဆိုင်၊ ပင်လယ်ဓားပြ၊ ချားရဟတ် နှင့် မျက်လှည့်ပွဲတွေကို သဘောကျကြတယ်။ တာရော့ဗေဒင်၊ စာကလေးဗေဒင်၊ လက္ခဏာဖတ် လို့ရတဲ့ ဆိုင်တွေလည်း ဖွင့်ကြတယ်။ ခုနောက်ပိုင်းမှာ တက်တူးဆိုင်တွေလည်း ဖွင့်လာတယ်။ ရေကျော်ပွဲဈေးနေ့တွေမှာ ကြက်ပျံမကျ စည်းကားလွန်းတဲ့အတွက် ခါးပိုက်နှိုက် အန္တရာယ်ကတော့ အမြဲလိုလို ရှိနေတတ်တာမို့ ကိုယ့်ဘာသာ ဂရုစိုက်ကြပါ။
ရေကျော်ပွဲဈေးကို (၅)ရက်ကြာ ကျင်းပလေ့ရှိပြီး ညနေ (၅)နာရီ မှာ စကာ ည (၁၁)နာရီ မှာ သိမ်းလေ့ရှိတယ်။ အကြောင်းကြောင်းကြောင့် ၂၀၀၂ခု ကနေ ၂၀၁၀ခု အထိ ပွဲဈေး ကျင်းပခွင့် အပိတ်ခံခဲ့ရဖူးတယ်။ ၂၀၁၁ ခု မှာ ပြန်လည်ကျင်းပခွင့် ရခဲ့တဲ့အတွက် ၂၀၁၉ခု အထိ နှစ်စဉ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိ ၂၀၂၀ခု မှာတော့ ကပ်ရောဂါဆိုးကြောင့် ကျင်းပခွင့် ပိတ်ထားပါတယ်။
ရေကျော်ပွဲဈေး ဆိုတာ သီတင်းကျွတ် မီးထွန်းပွဲတော် ပေါ်မှာ မှီငြမ်းပြီး ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် သီတင်းကျွတ်ပွဲတော် အကြောင်းကို အနည်းအကျဉ်း ပြောပြချင်ပါသေးတယ်။ သီတင်းကျွတ်မီးထွန်းပွဲတော်ကို လပြည့်မတိုင်မှီ (၁)ရက်၊ လပြည့်နေ့ (၁)ရက် နှင့် လပြည့်ကျော် (၁)ရက် ဆိုပြီး စုစုပေါင်း (၃)ရက် ကျင်းပလေ့ ရှိပါတယ်။
ဂေါတမမြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်သို့ ကြွချီပြီး မယ်တော်မိနတ်သား နှင့် နတ်ဗြဟ္မာ အပေါင်းအား ဝါတွင်းသုံးလတိုင်အောင် အဘိဓမ္မာတရားဒေသနာတော်များ ဟောကြားခဲ့ပါတယ်။ ထို့နောက် လူ့ပြည်သို့ ပြန်လည်ကြွချီခဲ့တယ်။ ထိုနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်တယ်။ သိကြားမင်းဟာ ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း နှင့် ငွေစောင်းတန်း စသည်ဖြင့် စောင်းတန်းသုံးသွယ်ကို ဖန်ဆင်းပြီး မြတ်စွာဘုရားအား ပတ္တမြားစောင်းတန်းမှ ဆင်းသက်စေတယ်။ လက်ယာဘက် ရွှေစောင်းတန်းမှာ နတ်ဒေဝတာများ၊ လက်ဝဲဘက် ငွေစောင်းတန်းမှာ ဗြဟ္မာများမှ ခြံရံကာ မြတ်စွာဘုရားအား လိုက်လံပို့ဆောင်ကြတယ်။ ရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ကြိုတင်သတင်းပေးမှုကြောင့် လူအများဟာ ဆီမီးများ ထွန်းညှိကာ မြတ်စွာဘုရားအား ကြိုဆိုကြပါတယ်။
သီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်းသံဃာများအတွက် ဝါကျွတ်သောနေ့၊ အပြစ်ရှိပါက ဝန်ချတောင်ပန်ရသော ပဝါရဏာနေ့ ဖြစ်တယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာ သီတင်းကျွတ်လပြည့်နေ့မှာ လူကြီးမိဘ၊ ဆရာသမားများကို ကန်တော့ပြီး အပြစ်လုပ်ခဲ့မိပါက ခွင့်လွှတ်ပေးပါရန် တောင်းပန်လေ့ရှိတယ်။ ထိုအခါ လူကြီးမိဘ၊ ဆရာသမားများက ဆုတောင်းမေတ္တာပို့ပြီး မုန့်ဖိုးများ ပြန်ပေးလေ့ ရှိပါတယ်။ ချမ်း မှတ်သားဖူးသမျှ ရေကျော်သီတင်းကျွတ်ပွဲဈေးနေ့ အကြေင်းကတော့ သည်မျှပါပဲ။ ရေကြောင်းပွဲဈေးနေ့နဲ့ ပတ်သတ်ပြီး အမှတ်တရ အကောင်း၊ အဆိုး ရှိခဲ့ရင် ပြန်လည်မျှဝေပေးသွားကြပါအုံး ...
မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံနှင့်စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။
ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan