ပြင်ဦးလွင်မြို့ကို ချမ်း နောက်ဆုံးတစ်ခေါက် ရောက်ခဲ့တာ ဇူလိုင်လတုန်းကပေါ့။ နှင်းဆီခြံသို့ အလည်သွားရင်းနဲ့ လမ်းမှာ ရေသရဲအုပ်ကြီးနဲ့ ကြုံခဲ့ရတာ။ ချမ်းက ကြုံရုံကြုံခဲ့တာ။ တကယ် ခြောက်လှန့်ခံနေရတာက ဒေသခံ တွေ … ပြင်ဦးလွင်ကို ခြိမ်းခြောက်နေတဲ့ ရေသရဲတွေကို ဘယ်လို ကြုံခဲ့ရသလဲဆိုတော့ …
ပြင်ဦးလွင်ကို ရောက်တော့ ရာသီဥတုက နံနက်ပိုင်း နှင့် ညနေပိုင်း မှတပါး နေထွက်ချိန် တလျှောက်လုံး အပူကဲနေတာကို သတိထားမိတယ်။ ရောက်တုန်းရောက်ခိုက် မရောက်ဖူးသေးတဲ့ နှင်းဆီခြံကို အလည်အပတ် သွားချင်တာနဲ့ မြို့ခံမိတ်ဆွေကို လိုက်ပို့ပေးဖို့ အပူကပ်တာပေါ့။ ထုံးစံအတိုင်း မိတ်ဆွေက ကားလမ်းကြောင်း ပြောင်းပြီး ချက်ခြင်း လိုက်ပို့ပေးတယ်။ နှင်းဆီခြံဆီ အသွား လမ်းမှာ မြင်ကွင်းတဆုံး ကျယ်ပြန့်လွန်းတဲ့ ဧရာမ စိုက်ခင်းကြီးကို တွေ့ရတယ်။ အစက ရှည်လျားမြင့်မားလွန်းတဲ့ သစ်ပင်အုပ်ကြီးဆိုတော့ သစ်တောလို့ ထင်လိုက်သေးတာ။ တညီတညာ စိုက်ထားတာကို သတိပြုမိပြီး ပင်ကြီးမျိုးစိုက်ခင်းမှန်း ရိပ်မိသွားတယ်။ ပင်စည်က ဖြောင့်စင်းတည့်မတ်ပြီး နေ့ခင်းအလင်းရောင်ကြောင့် ငွေဖြူရောင် တောက်နေတယ်။ သစ်ပင်ထိပ်ပိုင်းမှာ စိမ်းဖန့်ဖန့် သစ်ရွက်များဖြင့် ဝေဝေဆာဆာ ရှိတယ်။ ခြုံကြည့်လိုက်ရင် မျက်စိပသာဒဖြစ်ပြီး သာယာလိုက်တာ။
ဒါနဲ့ ချမ်းလည်း “စိုက်ခင်းကြီးက လှလိုက်တာ … အဲ့သည့်အပင်တွေကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ချင်တယ်။” လို့ ပြောလိုက်မိတယ်။ မိတ်ဆွေက “အမရေ … ကျွန်တော်တို့ မေမြို့ ရာသီဥတု ပူလာတဲ့ အကြောင်းရင်းထဲမှာ အဲ့သည့် ယူကလစ် စိုက်ခင်းတွေကြောင့်လည်း ပါတယ်ဗျ။” ဆိုပြီး ပြောလာတယ်။ အခြားမိတ်ဆွေတစ်ယောက်က “ရေသရဲတွေလေ …” ဟု ဝင်ထောက်ခံတယ်။ မြို့ခံမိတ်ဆွေက ရေသရဲပင်တွေကို ဘဝင်မကျပေမယ့် လေ့လာလို့ရအောင်ဆိုပြီး လိုက်ပို့ပေးပါတယ်။
ယူကလစ်စိုက်ခင်းကို စည်းရိုးကာထားတဲ့အတွက် အထဲတော့ ဝင်ခွင့် မရခဲ့လိုက်ဘူး။ ယူကလစ်အခင်းနဲ့ ပတ်သတ်ပြီး မေးကြည့်တော့ တရုတ်လူမျိုး တွေနဲ့ ဝတွေ ပိုင်တဲ့ စိုက်ခင်းလို့ သိရတယ်။ ငါးနှစ်သားဆိုရင် ပင်စည်ကို ခုတ်ပြီး စက္ကူပျော့ဖတ်အဖြစ် သုံးလို့ရပြီတဲ့။ မျက်စိရှေ့မှာ မြင်နေရတဲ့ ဧကပေါင်းက (၁၀၀၀) ဧက လောက်ရှိတယ်။ မျက်စိတဆုံး မြင်ကွင်းဆုံးသွားသည့်တိုင်အောင် ယူကလစ်အခင်းက မဆုံးသေးဘူး။ အဲ့လောက်ထိကို ကျယ်ပြန့်တယ်။
ရန်ကုန်ပြန်ရောက်တော့ ချမ်း မြန်မာပြည် နှင့် ယူကလစ်စိုက်ခင်း အကြောင်း ရှာဖတ်ကြည့်တယ်။ အခု ပြည်လုံးချမ်းသာပင် ဆိုပြီး မျက်နှာဖုံးတပ် ရုပ်ဖျက်ထားတဲ့အပင်ရဲ့ မူလနာမည်က ယူကလစ်ပင်ပါ။ ပြည်လုံးချမ်းသာပင် အရှေ့မှာ ငှက်ချောက်ပင်ဆိုပြီး သုံးနှုန်းခဲ့သေးတယ်။ ချမ်းကတော့ ပြင်ဦးလွင်က မိတ်ဆွေ ပြောလိုက်တဲ့ ရေသရဲပင် ဆိုတဲ့ နာမည်ကို သဘောအကျဆုံးပဲ။ ရေသရဲပင် ဆိုတဲ့ နာမည်နဲ့ အပင်ရဲ့ စရိုက်လက္ခဏာနဲ့ ကွက်တိပဲ။
မြန်မာနိုင်ငံမှာ ၁၉၇၀ခု ဝန်းကျင်မှာ ယူကလစ်ပင်တွေကို စတင်ပြီး ကျယ်ပြန့်စွာ စိုက်ပျိုးခဲ့တယ်။ ၁၉၇၈ခု နောက်ပိုင်းမှာ ယူကလစ်ပင်စိုက်ခင်း နှင့် ဝန်းကျင်တလျှောက်မှာ မြေဆီလွှာတိုက်စားခြင်း၊ မြောက်အောက်ရေနှင့်အာဟာရများ ခမ်းခြောက်လာသဖြင့် အခြားအပင်များ ပြုန်တီးလာခြင်း တို့ကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်ပြီး ယူကလစ်ပင် စိုက်ပျိုးရေးကို ရပ်တန့်ခဲ့တယ်။ ၂၀၀၈ခု မှာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကြောင့် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထပ်မံ စိုက်ပျိုးလာတယ်။
ယူကလစ်အနွယ် မှန်သမျှ မျိုးပြုပြင်ထားစေကာမူ ဘယ်အမျိုးဖြစ်ဖြစ် မြေအောက်အထိ ဖောက်ဝင်ပြီး ရေနှင့် အာဟာရကို လျင်မြန်စွာ အများအပြား စုပ်ယူပါတယ်။ ကမ္ဘာ့ရုက္ခဗေဒ ပညာရပ်ဆိုင်ရာ စာအုပ်များမှာ သဘာဝသစ်ပင်များနှင့် စိုက်ပျိုးသီးနှံအပင်များ အနီးတွင် ယူကလစ်ပင်ကို မစိုက်ပျိုးသင့်ကြောင်း ရေးသားကြတယ်။ လက်ကောက်ဝတ် အရွယ်ပမာဏရှိတဲ့ ယူကလစ်ပင်ငယ် တစ်ပင်ကို ခုတ်ကြည့်ရင် စေးကပ်ခြင်း လုံးဝမရှိတဲ့ ရေတွေတစက်စက် ကျလာတာကို အထင်အရှား မြင်နိုင်ပါတယ်။ ရေရဲ့ အရသာက အချဉ်ဓာတ်ကဲပါတယ်။ ငှက်ပျောပင်ကို ခုတ်လို့ ထွက်လာတဲ့ ရေပမာဏထက် များပြားတယ်။ ယူကလစ်က ရေကို အငမ်းမရ စုပ်ယူပြီး သိုလှောင်ထားကြတာ။
ယူကလစ်ပင်ကို ငါးနှစ်သားအရွယ်နဲ့ စက္ကူပျော့ဖတ် ထုတ်လို့ရတယ်။ အမွှေးနံ့သာဆီ ထုတ်လို့ရတယ်။ ဆေးဝါးတွေမှာ ထည့်သုံးနိုင်တယ်။ ဆယ်နှစ်သက်တမ်းရှိ ယူကလစ်ပင်စည်ကို အိမ်တိုင်တွေအနေနဲ့ သုံးနိုင်တယ်။ ကောင်းကျိုးရှိတဲ့အတွက် စိုက်ပျိုးတာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် မိုးရေချိန် များတဲ့ဒေသ၊ ကမ်းရိုးတန်း၊ မြစ်ကမ်းပါး အဲ့လိုနေရာတွေမှာ စိုက်မယ်ဆိုရင် ပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်စေတဲ့အပြင် ရေကြီးရေလျှံခြင်း နှင့် လှိုင်းလေဒဏ်တွေကိုတောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ ပြင်ဦးလွင်ကတော့ မိုးများတဲ့ဒေသ မဟုတ်တဲ့အတွက် ယူကလစ်ပင်ကို ဧကထောင်နှင့်ချီပြီး စိုက်ပျိုးခြင်းဟာ ပတ်ဝန်းကျင် ဂေဟစနစ်ကို အမှန်ပင် ထိခိုက်စေနိုင်ကြောင်း ဖတ်ထားဖူးသမျှကို မျှဝေလိုက်ပါတယ်။
မှတ်ချက် ။ ။ ပို့စ်အားလွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံ နှင့် စာများအား ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။
ချစ်ခင်စွာဖြင့်
ချမ်း - #travellerchan