Article

ခရီးသွားဆောင်းပါးအလွဲများ

အားနာစိတ်ဖြင့် ရေးသောစာ

ဘီလူးချောင်းကို ပိတ်ပြီးတည်ဆောက်ခဲ့တဲ့ မိုးဗြဲဆည်ကြောင့် ရန်ကုန်မြို့ကြီး မီးလင်းခဲ့ရတာဆိုရင် နေပြည်တော်ကို မီးလင်းစေခဲ့တာက ပေါင်းလောင်းဆည်ပါ။ လျှပ်စစ်မီးတွေ ထိန်ထိန်သာနေတာက မြို့သူမြို့သားတွေအတွက် အဆင်ပြေပြီး နိုင်ငံ့စီးပွားရေးအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်ရပေမယ့် နောက်ကွယ်မှာ လူမသိသူမသိ ပေးဆပ်လိုက်ရတဲ့ ဒေသခံတွေ ရှိနေတာကိုတော့ မေ့ကွယ်မထားကောင်းပါဘူး။

မိုးဗြဲဆည် စီမံကိန်းမှာ ဖယ်ခုံအပါအဝင် ကျေးရွာပေါင်း ၁၁၄ရွာ ရေအောက်နစ်မြုပ်ခဲ့ရတယ်။ ပေါင်းလောင်းဆည် စီမံကိန်းမှာ ကျေးရွာပေါင်း ၂၃ရွာ ရေအောက် နစ်မြုပ်ခဲ့ပါတယ်။

ဆုံးရှုံးခဲ့ကြတဲ့ ထိုဒေသခံတွေထဲမှာ ကယန်းလထာတိုင်းရင်းသားများလည်း ပါဝင်နေတယ်။ ပြီးခဲ့တဲ့နှစ်က ဖယ်ခုံကို လေ့လာရေးခရီးအဖြစ် သွားခွင့်ရခဲ့ပြီး ထိုခရီးစဉ်မှာ ကယန်းလထာတိုင်းရင်းသားများ နေထိုင်ရာ ကောင်းထူရွာကို ရောက်ခဲ့ပါတယ်။ မြို့နဲ့ဝေးပြီး တိတ်ဆိတ်အေးချမ်းလွန်းတာကြောင့် ကိုယ့်ဘာသာဆိုရင် သည်လူမျိုးစုတွေရှိမှန်း သည်ရွာကလေးရှိမှန်းတောင် မသိနိုင်ခဲ့ပါဘူး။

ကောင်းထူရွာသို့ အသွားလမ်းတွင် တွေ့ခဲ့ရတော့ ညောင်ပင်ညီနောင်

ကောင်းထူးရွာမှာ ဘာတွေတွေ့ခဲ့သလဲ?

ရွာရဲ့တည်နေရာက အမွှမ်းတင်ခံရလောက်အောင်ကို လှပပြီး ကျေးလက်ဆန်ပါတယ်။ အုပ်မှိုင်းတဲ့တောင်တန်းကြားမှာ ပြန့်ပြူးတဲ့လွင်ပြင်လိုမျိုး ဖြစ်နေတယ်။ ထိုမြေပြန့်မှာ လယ်ကွက်တွေ ဖော်ထားပြီး စပါးတွေ စိုက်ထားကြတယ်။ စပါးခင်းတဖက်မှာ အိမ်တွေကို သပ်သပ်ရပ်ရပ် စီစီရီရီ ဆောက်ထားတယ်။ အိမ်နှင့်လယ်ကွင်းတွေရဲ့ ခပ်လှမ်းလှမ်း ကုန်းမြင့်ပေါ်မှာ ခြေတံရှည်တဲကြီးတစ်လုံးရှိတယ်။ ထိုတည်းပေါ်မှာ အမျိုးသားများ စုစည်းပြီး ဖျာယက်လုပ်ကြတာ။ အမျိုးသမီးတွေက နေအိမ်ရှိ ခြေတံရှည်အိမ်အောက်မှာ စုပြီး ဟင်းစားအတွက် ပြင်ဆင်ကြတယ်။ အိမ်ခြေမှာ ထင်းတွေကို စီပြီးဖြည့်ထားကြတာ အဟောင်းအသစ်ပေါ်မူတည်ပြီး အရောင်စုံနေရောပဲ။ ရွာထဲမှာ တောင်းတွေယက်နေတာကိုလည်း လိုက်ကြည့်ဖြစ်တယ်။ ရွာကျောင်းမှာ ကလေးတွေ မုန့်စားကျောင်းဆင်းချိန် ကစားနေတာကို ကြည့်ပြီး ငယ်ဘဝကို ပြန်လွမ်းမိတယ်။ ကယန်းလထာတိုင်းရင်းသူဝတ်စုံ ဝတ်ချင်တယ်ဆိုတော့ ချက်ခြင်းပဲ စီစဉ်ပေးကြလောက်အောင်ကို သဘောမနော ကောင်းကြတယ်။

ကောင်းထူရွာ ရှုခင်း
ရွာနှင့် ခပ်လှမ်းလှမ်း တောင်ကုန်းပေါ်မှာ တဲကြီး ၂လုံးရှိတယ်။
ခပ်ကြီးကြီးတဲထဲမှာ အမျိုးသားတွေ စုပြီး ဖျာယက်လုပ်ကြတယ်။
ဖျာယက်လုပ်နေတာ စိတ်ဝင်စားဖို့ကောင်းတာနဲ့ သင်ယူခဲ့မိသေးတယ်။
အမျိုးသမီးတွေက ရွာထဲက နေအိမ်အောက်ထပ်မှာ ဟင်းစားအတွက် ပြင်ဆင်နေကြတာ တွေ့ခဲ့ရတယ်။
တောင်းထဲမှာ တွေ့ရတဲ့ ပိုးကောင်တွေကို သစ်ပိုးလို့ ခေါ်ကြတယ်။
သစ်ပိုးထဲက မစားသင့်တဲ့အရာတွေကို လက်နဲ့ဆွဲပြီး ရှင်းထုတ်နေကြတာ။
ဒန်အိုးထဲမှာက ရှင်းလင်းပြီးသား သစ်ပိုးကောင်တွေပါ။
ရွာကျောင်းမှာ မုန့်စားကျောင်းဆင်းချိန်နဲ့ တိုးတော့ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါ့။
ကယန်းလထာတိုင်းရင်းသူဝတ်စုံ ဝတ်ကြည့်ချင်တယ်ဆိုတော့ ချက်ခြင်း စီစဉ်ပေးကြတယ်။

ကယန်းလထာတိုင်းရင်းသား

ကယန်းလထာလူမျိုးစုဆိုတာ ကယန်းလူမျိုးစုလေးစုထဲမှာမှ လူဦးရေအနည်းဆုံး မျိုးနွယ်စုပါ။ သူတို့တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့၊ ဖယ်ခုံမြို့နှင့် ပျဉ်းမနားမြို့ အရှေ့ဘက်ရှိ တောင်တန်းတွေပေါ်မှာ နေထိုင်ကြတယ်။ ဝတ်စုံအနေနဲ့ အဖြူနဲ့အနီစပ်ထားပြီး လှပကျော့ရှင်းတယ်။ အမျိုးသမီးတွေရဲ့ အကျီင်္က ကရင်အကျီင်္နဲ့ သွားဆင်တယ်။ လုံချည်က ဒူးအောက်အထိရှည်ပြီးတော့ အဖြူအနီဆင်း အဆင်မျိုး ယက်ထားတယ်။ ဆံပင်၊ နားရွက်၊ လည်ပင်း၊ ခါး၊ လက်၊ ခြေ တို့မှာလည်း ပုတီး၊ ပန်းမွှား၊ ကြိမ်ကွင်း စသည်ဖြင့် အလှဆင်ထားသေးတယ်။

ကယန်းလထာတိုင်းရင်းသူဝတ်စုံ

သက်ကြီးစကားသက်ငယ်ကြား လက်ဆင့်ကမ်းလာခဲ့သော ဆင်ဖြူတော်အမွေ

ကယန်းလထာတိုင်းရင်းသားတွေမှာ လက်ဆင့်ကမ်း ပြောတတ်ကြတဲ့ ပုံပြင်တစ်ပုဒ် ရှိပါတယ်။ အနော်ရထာမင်းလက်ထက်တုန်းက ဆင်ဖြူတော်တစ်စီး သေဆုံးသွားတဲ့အတွက် မင်းကြီးကို ဆက်သဖို့အတွက် ဆင်ဖြူတော် အရှာထွက်ကြပါတယ်တဲ့။ ပေါင်းလောင်းမြစ်အတိုင်း ဆင်ဖြူတော် အရှာထွက်ရင်း လယ်စိုက်နေတဲ့ ကယန်းလထာအမျိုးသမီးတစ်ဦးဆီကနေ ဆင်ဖြူတော်သတင်း ကြားခဲ့ကြတယ်။ ထိုအမျိုးသမီး အကူအညီနဲ့ပဲ ဆင်ဖြူတော်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ မင်းကြီးကို ဆက်သတဲ့အခါ မင်းကြီးက ထိုအမျိုးသမီးကိုပါ ဆုလာဘ် ချီးမြင့်ချင်လာတယ်။ လိုချင်တဲ့ဆုလာဘ် တောင်းခိုင်းတော့ မင်းကြီးပြောတာကို နားမလည်တဲ့အတွက် တိတ်တဆိတ်သာ နေမိတယ်တဲ့။ ဒါနဲ့ ရတနာတွေပေးတော့ အမျိုးသမီးက စိတ်ဝင်စားဟန် မပြဘူး။ နောက်တစ်ကြိမ် လိုချင်ရာကို တောင်းပါလို့ မင်းကြီးက မိန့်ပြန်တယ်။ သည်တစ်ခါတော့ အမျိုးသမီးက ဓားဖြင့် နန်းရင်ပြင်ကို သုံးကြိမ်စိုက်ပြပါတယ်တဲ့။ အခါတော်ပေးများမှ မြေကိုတောင်းနေတာဖြစ်ကြောင်း မင်းကြီးကို လျှောက်ထားတယ်။ မင်းကြီးက သူတောင်းတဲ့ဆုအတိုင်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကယန်းလထာလူမျိုးများ နေထိုင်ရန် မြေနေရာအချို့ ပေးခဲ့ပါတယ်တဲ့။

သည်ပုံပြင်မှာ တစ်ခုသဘောမတွေ့တာက မင်းကြီးကို တွေ့တဲ့အခါ ဘယ်ခေတ်ဘယ်အခါပဲဖြစ်ဖြစ် လက်နက်ယူဆောင်ခွင့် မရှိဘူးသလားလို့။ သူက ဓားဆွဲထုတ်ပြီး နန်းရင်ပြင်မှာ သုံးကြိမ်စိုက်ပြတယ်ဆိုတော့ တစ်မျိုးဖြစ်နေတယ်။

အဓိက ပြောပြချင်တာက ဆင်ဖြူတော်ပုံပြင်အကြောင်း မဟုတ်ပါဘူး။ ချမ်းတို့ မရှိမဖြစ် သုံးစွဲနေရတဲ့ လျှပ်စစ်မီးတွေထဲမှာ အခြားမိသားစုများရဲ့ နားခိုစရာအိမ်၊ ဝမ်းရေးဖြစ်တဲ့ လယ်ယာမြေတွေ၊ ကိုးကွယ်ရာ သာသနိကအဆောက်အအုံတွေ ရေအောက်တွေထဲ စတေးထားခဲ့ရတယ်ဆိုတာကို အမှတ်တရ ရှိသင့်တယ်လို့ ယူဆမိလို့ပါ။

သူတို့ကိုယ်တိုင်လည်း ဘီလူးချောင်းကကော၊ ပေါင်းလောင်းမြစ်ကပါ ထွက်ရှိနေတဲ့ လျှပ်စစ်မီးကို မသုံးစွဲကြရရှာပါဘူး။ မိုးဗြဲဆည်စီမံကိန်းမှာ နစ်နာခဲ့ကြတဲ့ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းက ကျေးရွာတွေမှာ ယခုအထိ လျှပ်စစ်မီး ရရှိခြင်း မရှိသေးပါဘူး။ ပေါင်းလောင်းမြစ်ဘေးမှာ ရှိတဲ့ ပေါင်းလောင်းရွာဆိုရင် ပေါင်းလောင်းဆည်ကလျှပ်စစ်ကို မရဘဲ ကယားပြည်နယ်ဘက်ကနေ ပြန်သွယ်ယူနေရတာတဲ့။ ၂၀၁၉ ဧပြီလအထိ တစ်လမှာ မီးက ၁၅ရက်ပဲ လာပါတယ်တဲ့။

သည်အကြောင်းတွေ သိပြီးနောက်မှ လျှပ်စစ်မီးကို အလေအလွင့် မရှိအောင် တန်ဖိုးထားပြီး သုံးစွဲတတ်လာခဲ့တယ်။ ပြီးတော့ ဖယ်ခုံမြို့မှာ ပြန့်ပြူးတဲ့ကားလမ်း၊ တည်းခိုစရာ၊ စားသောက်ဆိုင်၊ လှပတဲ့တောတောင်အင်းအိုင်၊ လည်ပတ်စရာ၊ လေ့လာစရာနေရာတွေ ရှိနေပြီးသားဖြစ်တဲ့အတွက် ခရီးသွားလာရေး ကဏ္ဍမှာ တိုးတက်လာပြီး ဒေသခံတွေအတွက် ဝင်ငွေအခွင့်အလမ်း လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာဖို့ မျှော်လင့်ချက်ကြီးမားမိကြောင်း ဖော်ပြရင်း တော်သေးပြီ။

မှတ်ချက်။ ။ လွတ်လပ်စွာ Share နိုင်ပါတယ်ရှင့်။ ကျေးဇူးပြုပြီး ပေ့ခ်ျများမှ ပုံအားလည်းကောင်း၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

Ref: ကယန်းမြေ၏ နတ်စိမ်းတစ္ဆေတို့ကို ရေနစ်မြုပ်စေခြင်း - ကယန်းအမျိုးသမီးသမဂ္ဂ (၂၀၀၈)

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.