Article

ခရီးသွားဆောင်းပါးအလွဲများ

မေ့ပျောက်ခံနေရသော ငယ်သူငယ်ချင်းများဆီသို့ …

တစ်ဦးတည်းသောသမီးအဖြစ် ကြီးပြင်းလာခဲ့ရတဲ့ ကျွန်မရဲ့ ငယ်ဘဝတလျှောက်လုံးမှာ သူတို့က ဝန်းရံပြီး တီးတိုးစကားပြောပေးကြတယ်။ ငိုနေရင် ချော့မယ့်သူ မရှိတဲ့ ကျွန်မကို သူတို့ကပဲ ကလူကျီစယ်ပေးခဲ့ကြတာ။ မောင်ကာတွန်းလေးတွေက ကျွန်မကို ရယ်မောစေတယ်။ မပုံပြင်လေးတွေက ကျွန်မကို စိတ်ကူးစိတ်သန်းကောင်းအောင် လေ့ကျင့်ပေးတယ်။ ကိုမင်္ဂလာမောင်မယ်က ကျွန်မကို အကိုတစ်ယောက်လို ဆုံးမစကားတွေ ပြောပေးတယ်။ မရွှေသွေးကတော့ ကျွန်မကို အမတစ်ယောက်လို နှစ်သိမ့်ပေးတယ်။

ဆယ်ကျော်သက်အရွယ်ရောက်တော့လည်း သူတို့က ကျွန်မကို အဖော်ပြုပေးနေတုန်းပဲ။ အချစ်ဝတ္ထုတွေက ကျွန်မကို ဆယ်ကျော်သက်ပီသစွာ စိတ်ကစားစေတယ်။ ကျောင်းစာမှာ အနှောင့်အယှက်ဖြစ်ရပေမယ့် အန္တရာယ်ကင်းကင်း ကြည်နူးတဲ့ရသကို ခံစားစေလို့ ထိုသူငယ်ချင်းလေးတွေကိုလည်း ခင်မင်မိတယ်။ အချစ်ဝတ္ထုလေးတွေနှင့်အတူ ခင်မင်ရင်းနှီးလာတဲ့ သူငယ်ချင်းအသစ်တွေလည်း ရှိတယ်။ သူတို့က တိုးတက်ရေးဝတ္ထုတိုလေးတွေပေါ့။ ကျောင်းစာကို ဆုံးခန်းတိုင်အောင် လေ့လာဖို့၊ လက်တွေ့ဘဝမှာ ရင်ခုန်သံနောက်ကို မလိုက်ဖို့ သူတို့ကပဲ ကျွန်မကို ထိန်းကျောင်းပေးခဲ့တာ။ ထိုသူငယ်ချင်း နှစ်မျိုးလုံးကို ကျွန်မ ချစ်တယ်။

အနှစ် နှစ်ဆယ်ဝန်းကျင်ထဲရောက်တော့ စိတ်အဟာရစာပေတွေကို မိတ်ဆွေသစ်တွေအနေနဲ့ ခင်မင်ခွင့် ရခဲ့ပြန်တယ်။ သူတို့ကြောင့်ပဲ ကျွန်မရဲ့ စိတ်အစိုင်အခဲ အချို့ကို ဖြေလျော့လာနိုင်ခဲ့တယ်။ ဘဝဟာ သာ၍ နေပျော်လာတယ်။ စိတ်အစိုင်အခဲတွေကို လွှတ်ချလိုက်နိုင်ပြီးနောက်မှာ တိုးတက်ရေးဆောင်းပါးတွေက ကျွန်မကို ရည်မှန်းချက်တွေ ရှိလာအောင် လမ်းပြလာတော့တယ်။ သည်အရွယ်မှာတော့ ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေအားလုံး ဘေးမှာ မရှိကြတော့ပါဘူး။ သူတို့ထဲကမှ ကောင်းတဲ့သူတွေကို ရွေးပေါင်းတတ်လာခဲ့ပြီ။ အချို့ကို ကျွန်မ လက်တွဲ ဖြုတ်ခဲ့တယ်။

လုပ်ငန်းခွင်ဝင်ပြီးနောက် ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ တဖြည်းဖြည်းချင်းစီ အလှမ်းဝေးလာခဲ့တယ်။ သူတို့လေးတွေကြောင့်ပဲ ဘဝကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြတ်သန်းလာနိုင်ခဲ့တာ မဟုတ်လား? ဘဝမှာ အစွန်းအထင်းမရှိအောင်၊ အမှားအယွင်းနည်းအောင် နေထိုင်နည်းတွေကို သူတို့ ထိန်းကျောင်းပေးခဲ့ကြတာလေ။ ဒါနဲ့များ ကျွန်မ သူတို့ကို မေ့လျော့ထားမိတယ်။ တော်တော်ဆိုးတဲ့ ကျွန်မပါလား?

ကျွန်မရဲ့ ငယ်သူငယ်ချင်းလေးတွေ ကျွန်မအပေါ် ဘယ်လောက်တောင် ကောင်းခဲ့သလဲဆိုတာ အမှတ်ရပြီးနောက်မှာတော့ သူတို့ဆီ ချက်ခြင်း သွားလည်ချင်လာမိတယ်။ သူတို့နဲ့ ဆုံနေကျ စာအုပ်အငှားဆိုင်လေးဆီ အပြေးတပိုင်းသွားခဲ့တာပေါ့။ ဒါပေမယ့် သူတို့ကို အဲ့သည့်နေရာမှာ မတွေ့ရတော့ဘူး။ သူတို့လေးတွေကို လူတွေက မေ့ပျောက်လာကြပြီးနောက်ပိုင်း သူတို့မှာ နေစရာတွေ ရှားပါးလာတယ်။

ပျောက်သွားကာမှ ပိုတွေ့ချင်လာမိတဲ့ ကျွန်မ… ဟိုဟိုသည်သည် သူငယ်ချင်းပျောက်ရှာရင်း သိမ်ဖြူလမ်းမကြီးပေါ်မှာ တွေ့မိတယ်ဆိုတဲ့သတင်းရလို့ ချက်ခြင်းလိုက်သွားခဲ့တယ်။ ဟော… တွေ့ပါပြီ။ တွေ့မယ့်တွေ့တော့လဲ တစ်စုတစည်းတည်းနဲ့ အများကြီးရယ်။

သူငယ်ချင်းဟောင်းတွေကို လိုက်ရှာပြီး စာရွက်တစ်ရွက်ချင်းဆီ လှန်လှောကာ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြတယ်။ ရယ်မောရသလို လွမ်းမောရတယ်။ သူတို့ကို ပစ်ထားလို့ဆိုပြီး ကျွန်မကို အပစ်စကားတစ်ခွန်း မဆိုကြရှာဘူး။ အရင်လိုပဲ နွေးနွေးထွေးထွေး ဆက်ဆံတုန်းပဲ။ မိတ်ဆွေသစ်တွေလည်း ထပ်ရလာတယ်။ သူတို့တွေနဲ့ ဓာတ်ပုံတွဲရိုက်တယ်။ သူတို့ရဲ့ နေရာအသစ်က လှပတဲ့နေရာလေးတွေမှာလည်း ဓာတ်ပုံရိုက်လိုက်သေးတယ်။ စကားတွေ ဖောင်ဖွဲ့နေလိုက်ကြတာများ သုံးနာရီလောက် ကြာတယ်။

အချိန်လင့်တော့ ကိုယ်စီ အိမ်ပြန်ရတော့မယ်။ သည်နေရာကိုပဲ ကျွန်မတို့ရဲ့ စုရပ်အသစ် လုပ်လိုက်ကြအောင်လို့ သူတို့နဲ့ အချိန်းအချက် ပြုခဲ့တယ်။ ကဲ ကျွန်မရဲ့ တန်ဖိုးရှိလှတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ရင်းနှီးချင်တယ်ဆိုရင် - 

Yangon Book Street၊ သိမ်ဖြူလမ်းမကြီး (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ ဝန်ကြီးများရုံးရှေ့ မှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် ၉နာရီကနေ ညနေ ၅နာရီထိ လာ join လို့ ရပါတယ်လို့။ ညနေ ၃နာရီနောက်ပိုင်းက နေကျချိန်ဆိုတော့ ပိုကောင်းပါတယ်လို့ ဖိတ်ခေါ်ရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံအားလည်းကောင်၊ စာအားလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုး လုံးဝ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။

သိမ်ဖြူလမ်းမကြီး (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ ဝန်ကြီးများရုံးရှေ့ မှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက် ၉နာရီကနေ ညနေ ၅နာရီထိ ဖွင့်သည်။
စာအုပ်ဆိုင်းပေါင်း ၈၀ဝန်းကျင် တွေ့ခဲ့ရတယ်။
ကြိုက်တာယူ တစ်အုပ် ၅၀၀၊ ၁၀၀၀၊ ၂၀၀၀ ဆိုပြီးတော့လည်း ရွေးလို့ရတယ်။
ညနေ သုံးနာရီနောက်ပိုင်း နေကျချိန်ဆိုရင် စာအုပ်ရွေးရတာ ပိုပြီး အေးအေးဆေးဆေးရှိတယ်။
ကြိုက်တာယူ တစ်အုပ်မှ ၅၀၀တည်းနော်။
စာအုပ်အဖုံးလေး သဘောကျလို့ ရိုက်လာတာ။
ရောင်းသူမဲ့ စာအုပ်အရောင်းဆိုင် ဆိုတာလည်း ရှိသေးတယ်။ စာအုပ်ဈေး နဲ့ ပိုက်ဆံပုံး ထားပေးထားတယ်။ ဝယ်မယ့်သူက စာအုပ်ဖိုး ပုံးလေးထဲ ထည့်ပြီး စာအုပ်ယူသွားရုံပဲ။
စာအုပ်စတုဒီတာပါတဲ့။ တစ်ယောက်တစ်အုပ် ယူသွားလို့ ရတယ်။ အလှူပေးထားတာ။ ဓမ္မနှင့်ဆိုင်တဲ့ မဂ္ဂဇင်းတွေပဲ တွေ့ခဲ့တယ်။
စတုဒီတာပေးထားတဲ့ စာအုပ်ကို စိတ်ဝင်တစား ဖတ်နေတဲ့ အမေ။
အနီးအနားမှာ တိုင်လေးလှလို့ ဓာတ်ပုံရိုက်လာတာ။
အုတ်နီနီအခံပေါ်မှာ ပြတင်းပေါက်ဝိုင်းဝိုင်းလေး သဘောကျလို့ ဓာတ်ပုံရိုက်လာတာ။

Chan Myae Ei
#travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.