Article

ခရီးသွားဆောင်းပါးအလွဲများ

အလှတရားတွေကို ဖျက်ဆီးပစ်ခဲ့တာ ပျော်ရဲ့လား?

ရန်ကုန် ။ ။ အင်္ဂလိပ်ခေတ်တုန်းက ရန်ကုန်ဆိုတာ အာရှမှာ အသန့်ရှင်းဆုံးသောမြို့တဲ့။ ကိုယ် ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲက စာသားတစ်ကြောင်းပါ။ မိုးလေးတဖွဲဖွဲရွာနေတဲ့ ဇွန်လတစ်ရက်မှာ ကိုလိုနီခေတ် အဆောက်အဦးတွေကို ကိုယ်လေ လှည့်ပတ်ကြည့်မိတယ်။ ထူထပ်တဲ့ အုတ်နံရံ၊ မြင့်မားတဲ့ ခပ်စိပ်စိပ် ပြတင်းပေါက်ကျယ်၊ ခိုင်ခံ့တဲ့ ဟန်ပန်တွေနဲ့ ကိုလိုနီခေတ် အဆောက်အဦးတွေက ခမ်းနားလို့နေတယ်။ ငေးငေးမောမောနဲ့ လမ်းလျှောက်လာလိုက်တာ ခလုတ်တိုက်မိတော့မှ ပလက်ဖောင်းကို ငုံ့ကြည့်ဖြစ်တယ်။ လူနှစ်ယောက် ယှဉ်လျှောက်ဖို့ကိုတောင် မလွယ်လှတဲ့ ခပ်ကျဉ်းကျဉ်း ပလက်ဖောင်းပေါ်က ရွံရှာဖွယ် သွေးနီရောင် ခပ်ပျစ်ပျစ် ကွမ်းတံတွေးတွေ... ကတ္တရာလမ်းမပေါ်မှာလဲ ဟိုတစ်ကွက် သည်တစ်ကွက်။

အာရှမှာ အသန့်ရှင်းဆုံးမြို့ မဖြစ်တော့ရင်တောင် ကွမ်းတံတွေး ကင်းစင်သော ရန်ကုန်ဖြစ်စေချင်မိတယ်။

မန္တလေး ။ ။ ဒီဇင်ဘာလရဲ့ တစ်ရက်သော နံနက်ခင်းမှာ ကိုယ် ဦးပိန်တံတားကနေပြီး နေထွက်ချိန် သွားကြည့်ခဲ့တယ်။ မြူတွေစိုင်းနေတဲ့ကြားကနေ ရောင်နီသန်းလာတာ။ ငှက်အုပ်လေးတွေကလည်း ဟိုတစ်စုသည်တစ်စု သူ့အဖွဲ့နဲ့သူ ပျံသန်းနေကြတယ်။ နေထွက်ချိန် ကြည့်ပြီးတော့ တံတားပေါ်ကဆင်း ပလက်စတစ်ကွင်းပြင်ကျယ်ကြီးကို ဖြတ်သန်းပြီး ယာဉ်ရပ်နားဆီသို့ သွားခဲ့တယ်။

တောင်တမန်အင်းနှင့် ဦးပိန်တံတား နေထွက်ချိန် ရှုခင်းဟာ ပန်းချီကားတစ်ချပ်လိုပါပဲ။
တစ်ယောက်ချင်းစီရဲ့ စည်းကမ်းမဲ့အမှိုက်ပစ်မှုတွေ ပေါင်းမိသွားသောအခါ...
လူတွေသာ တွေ့ကရာ အမှိုက်မပစ်ခဲ့ရင် ရှုခင်းက သည်ပုံလိုဖြစ်နေမှာပါ။ လက်တွေ့ဘဝမှာ ပလက်စတစ်အမှိုက်တွေကို Photoshop နဲ့ ဖျောက်မရဘူးဆိုတာ သိစေချင်။

မင်းကွန်း ။ ။ သမိုင်းကြောင်းတွေနဲ့ လေရှည်တတ်တဲ့ကိုယ်ဟာ ကုန်းဘောင်မင်းဆက်ဖြစ်သော ဘိုးတော်ဘုရား တည်ခဲ့တဲ့ မင်းကွန်းမြို့ကို စိတ်အားထက်သန်စွာ သွားလည်ခဲ့ပါသေးတယ်။ ငလျင်ဒဏ် အကြိမ်ကြိမ်ခံခဲ့ရတဲ့ ထုထည်ကြီးမားလှသော ပုထိုးတော်ကြီးဟာ အက်ကြောင်းရာတွေနဲ့ အခြေမပျက် မားမားမတ်မတ် ရှိနေတုန်းပါပဲ။ ခန့်ငြားလှတဲ့ ပုထိုးတော်ကြီးနှင့်အတူ နှောင်းလူတို့ ရေးထွင်းထားသော အုတ်ချပ်ပေါ်က ခေတ်သစ် correction pen စာများကိုလည်း ပါးစပ်အဟောင်းသားဖြင့် လေ့လာမှတ်သားခွင့် ရခဲ့ပါတယ်။ ထို့အတူ ကြေး ၅၅၅၅၅ပိဿာ အလေးချိန်ရှိတဲ့ မင်းကွန်းခေါင်းလောင်းတော်ကြီးသည်လည်း ကြေးခြင်္သေ့နှစ်ကောင်ရုပ်ထုဖြင့် ခန့်ခန့်ငြားငြားရှိလှပါပေရဲ့။ စပ်စပ်စုစု ခေါင်းလောင်းအတွင်းဘက် လှစ်ခနဲ ဝင်ကြည့်လိုက်မိတာ ဟာ ဟင် ဟယ်... အို။ ခေါင်းလောင်းစာတွေ မနည်းမနော။ အနယ်နယ်အရပ်ရပ်မှ ပေါက်ပန်းလေးဆယ် ရေးခြစ်ထားသော လျှို့ဝှက်ခေါင်းလောင်းစာများ...

ဘိုးတော်ဘုရား ခေါ် ဗဒုံမင်းလက်ထက် ကုန်းဘောင်ခေတ်တုန်းက ဆယ်နှစ်ဆယ်မိုး တည်ဆောက်ခဲ့ကြရတယ်။ ခမ်းနားလှတဲ့ အုတ်ချပ်တွေပေါ်မှာ ၂၁ရာစုလူသားတို့ Correction Pen စာ ထိုးကြတယ်။
ခေါင်းလောင်းတော်ကြီး အတွင်းဘက်က ခေါင်းလောင်းစာများကို မြင်ရတော့ "တန်ဖိုးမသိလိုက်ကြလေခြင်း" ဆိုပြီး စိတ်ပျက်လက်ပျက် ခံစားရတယ်။

မုံရွာ ။ ။ တမာနံ့တသင်းသင်းနဲ့ မုံရွာမြို့ကနေ ကိုယ့်ကို ဆွဲဆောင်နေတာက အလောင်းတော်ကဿပဘေးမဲ့တော။ ခရီးလမ်းကြမ်းတမ်းပြီး ဖုန်ထူထပ်ပေမယ့် သွားရကျိုးနပ်လောက်တဲ့ သာယာမှုတွေနဲ့ ရှေးဟောင်းဆေးရေးပန်းချီတွေ ရှိတယ်။ ဘေးတစ်ဖက်မှာချောက်၊ ဘေးတစ်ဖက်မှာ တောင်နံရံတွေရှိတဲ့ မြေသားတောင်တက်လမ်းအတိုင်း ဆင်တွေကြားကနေ လမ်းလျှောက်ရတာ၊ ဆင်စီးရတာ တွေက စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ကိုယ်တို့ မြန်မာလူမျိုးတွေဟာ သဒ္ဒါတရားထက်သန်တဲ့ လူမျိုးတွေပီပီ ဆင်စာတွေ ဝယ်ကျွေးကြတယ်။ စည်းကမ်းမရှိတဲ့ လူမျိုးတွေပီပီ ပလက်စတစ်အိတ်ကို ကျွေးတဲ့နေရာမှာပဲ ပစ်ချခဲ့ကြတယ်။ လမ်းတစ်လျှောက် မနီးမဝေး ခပ်များများ ထားပေးထားတဲ့ အမှိုက်ပုံးတွေကတော့ သူတို့နဲ့ သက်ဆိုင်ရာ အမှိုက်စတွေကို မျှော်လင့်ချက်များဖြင့် စောင့်မျှော်နေကြတယ်။

နတ်ကြီးပါပေတယ် ဆိုပြီး သတင်းကြီးတဲ့ အလောင်းတော်ကဿပဘေးမဲ့တောသည်လည်းပဲ ပလက်စတစ်အမှိုက်များဖြင့် မကင်းပေ။
ဖိုလ်ဝင်တောင်မှာရှိတဲ့ ရှေးခေတ်နံရံဆေးရေးပန်းချီတွေပေါ်မှာ စာတွေ လျှောက်ရေးထားတဲ့ ကိုဘထွန်းနှင့် မခင်စိုးကို စိတ်ဆိုးတယ်။
ဖိုလ်ဝင်တောင်ရှိ ပလက်စတစ်အမှိုက်ပုံဟာ ရှေးဟောင်းလက်ရာတွေနဲ့ နီးနီးကပ်ကပ် ရှိနေတဲ့အတွက် မီးဘေးအရေး တွေးမိပြီး စိတ်ပူမိတယ်။

ကလော ။ ။ ပုဂံပြီးရင် ဒုတိယ ခရီးသွားလာမှု အများဆုံးနေရာကတော့ ကလောပါ။ ရာသီဥတုအရရော၊ ပတ်ဝန်းကျင်အနေအထား အရပါ စိတ်နှလုံး အေးချမ်းသွားစေတဲ့ သဘာဝအလှတရားပေါင်း များစွာ တည်ရှိတယ်။ တစ်ခါတော့ ကိုယ်ဟာ အင်းခေါင်းရေထွက်ပေါက်ကို သွားခဲ့ဖူးတယ်။ သဘာဝအတိုင်း စိမ်းပြာကြည်တောက်နေတဲ့ ရေထွက်ပေါက်ဖြစ်လို့ ငါးတွေလည်း မြူးကြတယ်။ သည်နေရာကို လူတွေ အစုလိုက် အပြုံလိုက် ရောက်လာပြီး နောက်မှတော့ ရေထွက်ပေါက်မှာ ပေါင်မုန့်တွေ၊ ထမင်းစေ့တွေ ဘောလောမျောကုန်တယ်။ ရေညှိရေမှော်တွေ စားပြီး ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစ်နေတဲ့ ငါးတွေဟာ ပေါင်မုန့်စတွေ၊ ထမင်းစေ့တွေကို ကြောင်ကြည့်နေတယ်။

အင်းခေါင်းရေထွက်ပေါက်ဟာ ဘယ်လောက်ကြည်လင်စိမ်းညှို့လှပနေသလဲဆိုတာ ရေအရောင်ကိုသာ ကြည့်ပါ။ အဲ့သည့်နေရာမှာ ပေါင်မုန့်နှင့် ထမင်းတွေ ပစ်ချထားကြတော့ ကိုယ်တကယ် ကြေကွဲတယ်။

ပြင်ဦးလွင် ။ ။ မန္တလေးနှင့် ပြင်ဦးလွင် ကြားမှာရှိတဲ့ ဒီးဒုတ်ရေပြာအိုင်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်လောက်ကတည်းက လူသိများပြီးသားနေရာပါ။ အဆင့်ဆင့်ရှိနေတဲ့ ရေပြာအိုင်တွေရဲ့အလွန် တောင်ထိပ်ပေါ်မှာ ထုံးကျောက်ဂူကြီးတစ်ဂူရှိတယ်။ ဂူထဲမှာ အမျိုးမျိုးအဖုံဖုံသော ပုံသဏ္ဍာန်နဲ့ ကျောက်စက်ပန်းဆွဲတွေ၊ မိုးမျှော်ကျောက်တိုင်တွေ၊ ကျောက်မောင်းတွေ၊ ကျောက်ကန့်လန့်ကာတွေနဲ့ အဆန်းတကြယ်ရှိတယ်။ အထဲကိုဝင်လာလေ ပိန်းပိတ်အောင် မှောင်မိုက်လာလေဖြစ်သလို ကျောက်စက်ပန်းဆွဲတွေက ပိုထူထပ်ပြီး ထူးခြားဆန်းပြားလာတယ်။ စိတ်ဝင်စားမှု tempo အထွတ်အထိပ်သို့ ရောက်စေတာက သည်ဂူကြီးထဲမှာ ကျောက်ခေတ်လူသားတွေ နေထိုင်သွားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေပဲ။ ဒီးဒုတ်ဂူအောင်း ကျောက်ခေတ်လူသားတွေဟာ မြန်မာစာဖြင့် ၎င်းတို့ရဲ့ နာမည်တွေကို ကျကျနန မှတ်တမ်းတင်ထားခဲ့ကြတယ်။ ကျောက်စာတွေအရ ကျောက်ခေတ်မှာကတည်းက ရှေ့နေတွေ ပေါ်ထွန်းခဲ့ကြောင်း သိလိုက်ရတယ်။

ဒီးဒုတ်လှိုဏ်ဂူတွေထဲက စာတွေကို ဖတ်ကြည့်ခြင်းအားဖြင့် စည်းမဲ့ကမ်းမဲ့ ဟိုရေးသည်ခြစ် လုပ်တဲ့သူတွေထဲက အများစုက ပညာတတ်လူတန်းစားတွေ ဖြစ်နေကြတယ်။

ဆက်ပြောရင်လည်း အနယ်နယ်အရပ်ရပ်မှာ ဖြစ်နေတဲ့ ပြဿနာမို့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်တော့မည်။ အရုပ်ဆိုးအကျည်းတန်းလှတဲ့ စည်းကမ်းမဲ့မှုတွေကို တစ်ဦးတစ်ယောက်ခြင်းစီရဲ့ ဦးနှောက်ထဲကနေ မြတ်နိုးတတ်တဲ့ နှလုံးသားဖြင့် ခြစ်ထုတ်နိုင်ကြပါစေဟု ဆုတောင်းရင်း တော်သေးပြီ။

မှတ်ချက်။ ။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပေ့ခ်ျများမှ ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

#BeatPlasticPollution
Chan Myae Ei - #travellerchan

Copyright © 2019 Traveller Chan. All Rights Reserved.